စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၌ နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်သူများက ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်

နေပြည်တော်၊ ဇွန် ၂၅
    
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၌ နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များအား အကြမ်းဖက်သူများက ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
    
ဖြစ်စဉ်မှာ ဇွန်လ ၂၄ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်တွင် မင်းကင်းမြို့နယ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မြို့နယ်အတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် သံပေါက်ကျေးရွာ၏ မြောက်ဘက် ၂ ဖာလုံခန့်အရောက်တွင် လက်နက်ကိုင် အကြမ်းဖက်သူအင်အား ၂၀၀ ဦးခန့်မှ လမ်းဘေးတောင်ကုန်းများမှ နေ၍ တူမီးသေနတ်၊ လက်နက်ငယ်၊ လက်လုပ်ဗုံးများဖြင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံ ပစ်ခတ်ခဲ့ရာ လက်နက်ကိုင်အကြမ်းဖက်သူများမှာ လူစုခွဲဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။
    
အကြမ်းဖက်သူများ ဆုတ်ခွာထွက်ပြေးသွားသည့်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လိုက်လံ ရှာဖွေခဲ့ရာ တောင်ကုန်းများပေါ်မှ အကြမ်းဖက်သူအမျိုးသား အချို့အား ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပြီး ၎င်းတို့အနီးမှ တူမီးသေနတ် ၉ လက်၊ လက်လုပ်မိုင်း ၂ လုံး၊ သစ်သားသေနတ်ဒင် ၃ ခု၊ သေနတ်ပြောင်း ၄ ခု၊ ယမ်းမှုန့်များနှင့် ခဲသီးများအား သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းရရှိသည်။