တိုက်စစ်မှူးဟာလန်း၏အပြောင်းအရွှေ့နှင့်ပတ်သက်ပြီး ဒေါ့မွန်အသင်းနှင့် ရီးယဲလ်မက်ဒရစ်အသင်း တရားဝင်ဆွေးနွေးမှုများပြုလုပ်နေ

ရီးယဲလ်မက်ဒရစ်အသင်းက တိုက်စစ်မှူး ဟာလန်း ၏အပြောင်းအရွှေ့အတွက်    ဒေါ့မွန်အသင်းနှင့် တရားဝင်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း  သိရသည်။

အသက် ၂၀ အရွယ်  ဟာလန်းသည်  ၂၀၂၀ ပြည့်နှစ်  ဇန်နဝါရီ  ကစားသမားအပြောင်းအရွှေ့ ကာလက  ဆဲလ်ဘတ်အသင်းမှ  ဒေါ့မွန်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီးနောက် ကမ္ဘာ့ထိပ်တန်းတိုက်စစ်မှူးတစ်ဦး အဖြစ်ရပ်တည်နေပြီး  လာမည့်အပြောင်းအရွှေ့ ကာလတွင်     ထိပ်တန်းအသင်းကြီးများက အပြိုင်ကမ်းလှမ်း လာဖွယ်ရှိနေသည်။

ဟာလန်းသည် ပြီးခဲ့သည့်ဘောလုံးရာသီကလည်း ဒေါ့မွန်အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၄၁ ပွဲပါဝင်ကစား ခဲ့ရာ ၄၁ ဂိုးအထိ သွင်းယူနိုင်ခဲ့သည့်အပြင် ဂိုးဖန်တီးမှု  ၁၂ ကြိမ် ပြုလုပ်နိုင်သည်အထိ ခြေစွမ်းပြနိုင်ခဲ့သောကြောင့်  ရီးယဲလ်မက်ဒရစ်အသင်းက  ခေါ်ယူလိုခြင်း ဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည်   အစောပိုင်းက ပီအက်စ်ဂျီအသင်းမှ   အမ်ဘတ်ပီကို  ဦးစားပေး ကမ်းလှမ်းရန် ပြင်ဆင်ခဲ့သော်လည်း လက်ရှိတွင် နည်းပြသစ်အဖြစ်   အန်ဆယ်လော့တီကို ခန့်အပ်ခဲ့ပြီးနောက်  ဟာလန်းကိုခေါ်ယူရန် စတင်ပြင်ဆင် လာခြင်းဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းက ဟာလန်းကို တခြားထိပ်တန်းအသင်းများထက် လက်ဦးမှုရယူပြီး ခေါ်ယူနိုင်ရန် လက်ရှိအချိန်ကတည်းက ဆွေးနွေးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။  ပထမအကြိမ် ကမ်းလှမ်း မှုအဖြစ် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၁၀ ဖြင့် ကမ်းလှမ်းခဲ့သော်လည်း ဒေါ့မွန်အသင်းက  ပယ်ချခဲ့၍ ဒေါ့မွန်အသင်းက ဟာလန်းအတွက် ပြောင်းရွှေ့ကြေး ကို ယူရို သန်း ၁၅၀ ခန့်အထိ အလိုရှိနေသည့်အတွက် ဆက်လက်ပြီး ပြောင်းရွှေ့ကြေးကို ညှိနှိုင်းနေဆဲဖြစ်ကာ မကြာမီ နောက်ဆုံးအနေဖြင့် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၃၀ ဖြင့် သဘောတူညီမှုရယူနိုင်ဖွယ်ရှိ နေကြောင်း သိရသည်။                

Ref;Marca