အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့၌ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့တို့တွင် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး

၂၀၂၁ ခုနှစ်၊ ဇွန်၂၆

 

 

၂၀၂၁ ခုနှစ်၊ ဇွန်လ၂၆ ရက်နေ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် မြန်မာနိုင်ငံအတွင်း တစ်နှစ်တာကာလ ဖမ်းဆီးရမိ မူးယစ်ဆေးဝါး နှင့်ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် COVID 19 ရောဂါဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တို့တွင် ပြုလုပ်ခဲ့သည်။

 

 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်း ကုန်တင်ယာဉ် ရပ်နား ကွင်း၌ ၀၆၀၀ အချိန် ပြုလုပ်သည့် မီးရှို့ဖျက်ဆီးခြင်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး နှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံ အောက်ပိုင်းဒေသများမှ ဖမ်းဆီးရမိသော ဘိန်း ၀.၀၀၂ ကီလို၊ ဘိန်းဖြူ ၂၄၆ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၆၈ သန်းကျော်၊ အိုက်စ် ၅၃၃၁ ကီလိုကျော်၊ ဘိန်းစာမှုန့် ၂၁၈၅ ကီလိုကျော်၊ ကတ်တမင်း ၈ ကီလိုကျော်၊ ဆေးခြောက် ၉၂ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး ၂၂ မျိုးနှင့် ဓာတုပစ္စည်း ၃ မျိုးတို့၏ စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၃၂၀.၁၆ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၂၀၀.၁၀ သန်းကျော်)အား ဖျက်ဆီးခဲ့သည်။

 

 

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်ရှိ ရွှေမန်းတောင် အားကစားကွင်း၌ ၀၈၀၀ အချိန် ပြုလုပ်သည့် မီးရှို့ဖျက်ဆီးခြင်းတွင် မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်ကိုနှင့်အဖွဲ့ဝင်များ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ တက်ရောက်၍ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မြန်မာနိုင်ငံအထက်ပိုင်းဒေသများ၊ အလယ်ပိုင်းဒေသများမှ ဖမ်းဆီးရမိသည့် ဘိန်း ၇၄၃ ကီလိုကျော်၊ ဘိန်းဖြူ ၅၀၂ ကီလို ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား သန်း ၅၀ ကျော်၊ အိုက်စ် ၈၂၆ ကီလိုကျော်၊ ကတ်တမင်း ၁.၄၃ ကီလို ကျော်၊ ဆေးခြောက် ၁၆၇ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး ၂၆ မျိုးနှင့်ဓာတုပစ္စည်း ၁၀ မျိုးတို့၏ စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၁၈၆.၀၃ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၁၆.၂၇ သန်းကျော်) အား ဖျက်ဆီး ခဲ့သည်။

 

 

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံကွင်း၌ ၀၈၀၀ အချိန်တွင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခြင်း၊ တောင်ကြီးမြို့နယ်၊ ကုန်းမူကျေးရွာအုပ်စု၊ မံတလင်းကျေးရွာ၊ ဗြုံးကျောက်ထုတ်လုပ်သည့်ကွင်းအနီး၌ ဖမ်းဆီးရမိ ထိန်းချုပ်ဓာတုပစ္စည်းများကို မြေမြုပ်ဖျက်ဆီး ခြင်းတို့တွင် ရှမ်းပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့်အဖွဲ့ဝင်များ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းဇော်မိုး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်၍ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့မှ ဖမ်းဆီးရမိသည့် ဘိန်း ၃၁၂၆ ကီလိုကျော်၊ ဘိန်းဖြူ ၁၈၁၄ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၅ သန်းကျော်၊ အိုက်စ် ၇၉၂၂ ကီလိုကျော်၊ ကတ်တမင်း ၂၈၀ ကီလိုကျော်၊ ဆေးခြောက် ၄၇၉ ကီလို ကျော်၊ ကဖင်း ၁၂ တန်ခွဲကျော် အပါအဝင် မူးယစ်ဆေးဝါး ၁၃ မျိုးနှင့် ဓာတုပစ္စည်း ၂၂ မျိုးတို့၏ စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၅၆၂.၄၆ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၃၅၁.၅၃ သန်းကျော်) အား ဖျက်ဆီးခဲ့သည်။

 

 

ယခု ၂၀၂၁ ခုနှစ်တွင် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံး ပြုသော ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ ဖျက်ဆီးခြင်းကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး ၃ နေရာတွင် ပြုလုပ်ခဲ့ရာ ဘိန်း ၃၈၇၀ ကီလိုကျော်၊ ဘိန်းဖြူ ၂၅၆၂ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၂၄ သန်းကျော်၊ အိုက်စ် ၁၄၀၈၀ ကီလိုကျော်၊ ဆေးခြောက် ၇၃၉ ကီလိုကျော်၊ ကတ်တမင်း ၂၈၉ ကီလိုကျော်နှင့် ကဖင်း ၁၂ တန်ခွဲကျော် အပါအဝင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၆၂ မျိုး စုစုပေါင်း တန်ဖိုး မြန်မာငွေကျပ် ၁၀၆၈ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၆၆၇ သန်းကျော်)နှင့် မူးယစ် ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသောဆက်စပ်ပစ္စည်း အမျိုးပေါင်း ၆၀ တို့အား ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

 

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့က အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းဆောင်ရွက်မှုကြောင့် မူးယစ်ဆေးဝါးနှင့်ဓာတုပစ္စည်း အများအပြား ဖမ်းဆီးရမိဖျက်ဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။