ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Colonel General Alexander V. Fomin က မြန်မာ့နိုင်ငံ ရေးအပေါ် ရပ်တည်ချက်နှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းမှုနှင့် ပြန်လည်ဖြေကြားမှုများကို အောက်ပါ အတိုင်း ဖော်ပြလိုက်ရပါသည်-
မေး။ ဗိုလ်ချုပ်ကြီးရှင့်။ ဗိုလ်ချုပ်ကြီးအနေနဲ့စစ်ဘက်နှင့်စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေးကဏ္ဍတွေမှာ နိုင်ငံတကာနှင့် ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံကောင်းများစွာရှိပါတယ်။ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်တွေမှာလည်း အောက်ခြေဝန်ထမ်း ဘဝမှ ယခုလိုအကြီးအကဲရာထူးထိ တာဝန်ထမ်းဆောင်လာခဲ့ပါတယ်။ ဒီလိုဘဝလမ်းခရီးမှာ မြန်မာနိုင်ငံဆိုတာကို သိကျွမ်းခွင့်ရခဲ့တာ ဘယ်လောက်ကြာပါပြီလဲ။ မြန်မာနိုင်ငံကို ပထမဆုံးရောက်ခဲ့စဉ်က ဘာကိုအမှတ်တရရှိနေပါသလဲ။
ဖြေ။ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံအကြောင်းကို ရင်းနှီးသိကျွမ်းခဲ့တာဟာဆိုရင် ဆယ်စုနှစ်တစ်ခုကိုကျော်ခဲ့ပါပြီ။ ၂၀၀၀ ပြည့်နှစ်မှာမြန်မာနိုင်ငံကို ပထမဆုံးအကြိမ်လာရောက်လည်ပတ်ခဲ့ပြီး သာယာလှပတဲ့ မြန်မာနိုင်ငံရဲ့ အလှအပက ပထမဆုံး အကြိမ်မှာတင် ကျွန်တော့်ကိုအရမ်းနှစ်သက်သဘောကျစေပါတယ်။ ကျွန်တော်ခုချိန်ထိ အမှတ်ရနေတာတစ်ခုကတော့ လေယာဉ် ဆင်းသက်ခါနီးမှာနေရောင်ကြောင့် ရွှေရောင်တွေတဖိတ်ဖိတ်တောက်နေတဲ့ ဘုရားပုထိုးတွေကိုလှမ်းမြင်နေရတာပါပဲ။ တစ်ချိန် တည်းမှာပဲ ဘာဖြစ်လို့ မြန်မာနိုင်ငံကို ရွှေရောင်တွေတဖိတ်ဖိတ်တောက်နေတဲ့ ရွှေမြန်မာနိုင်ငံလို့ခေါ်လဲဆိုတာကို နားလည်သဘော ပေါက်ခဲ့ပါတယ်။
ပြီးတော့ ရွှေတိဂုံစေတီတော်ကို သွားရောက်လေ့လာတဲ့အခါမှာလည်း အံ့သြစရာကောင်းလောက်အောင် ကမ္ဘာ့အဆင့်အတန်းမီ ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်ပြီး စေတီတော်ကြီးရဲ့ကြီးကျယ်ခမ်းနားမှုကို တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် အင်းလေးဒေသမှာ နေထိုင်သူတွေရဲ့ နေထိုင်မှုပုံစံနဲ့ အင်းလေးကန်အလှ၊ သစ်ပင်ပန်းပင်များနဲ့ အလှဆင်ထားတဲ့ အေးချမ်းသာယာလှတဲ့ ပြင်ဦးလွင်မြို့ရဲ့အလှ၊ လူနေမှုအဆင့်အတန်းမြင့်မားတဲ့ မန္တလေးမြို့နဲ့ ရန်ကုန်မြို့ရဲ့အလှ၊ ရန်ကုန်မြို့မှာရှိတဲ့ ၁၉ ရာစုနှစ်က သမိုင်းဝင်အဆောက်အအုံများ စတာတွေကို အခုချိန်ထိအမှတ်ရ နေတုန်းပါပဲ။ အမြဲတမ်းရင်ထဲထိစွဲနေအောင် အမှတ်ရ နေတာ ကတော့ မြန်မာလူမျိုးတွေရဲ့ ပွင့်လင်းမှု၊ ဖော်ရွေမှု၊ ရိုးသားမှု၊ ယဉ်ကျေးမှုနဲ့ ဧည့်ဝတ်ကျေပွန်မှုတွေပဲဖြစ်ပါတယ်။
မေး။ လက်ရှိမြန်မာနိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေး အခြေအနေကတော့ ဗိုလ်ချုပ်ကြီးသိရှိထားပြီးဖြစ်တဲ့အတိုင်းပါပဲ။ ဖေဖော်ဝါရီလ ၁ ရက်နေ့က နိုင်ငံကို အရေးပေါ်အခြေအနေကြေညာခဲ့တာဟာဆိုရင်လည်း ဗိုလ်ချုပ်ကြီးတို့သိရှိထားပြီးသလို နိုင်ငံရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူပြီး ဆောင်ရွက်ခဲ့ရခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံအတွင်းမှာ ယခုလိုတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်တာဝန်လွှဲပြောင်းထမ်းဆောင်ခဲ့ရသည်ကို မလိုလားသူများ လည်း ပေါ်ပေါက်ခဲ့ပါတယ်။ ၎င်းတို့ထဲကအများစုဟာ CDM လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြပါတယ်။ဗိုလ်ချုပ်ကြီးအနေနဲ့ နိုင်ငံရေး ခံယူချက်ကြောင့် ူဆေးရုံဆေးခန်းတွေပိတ်ပစ်ရအောင်လုပ်ခဲ့တဲ့ CDM ဆရာဝန်တွေနဲ့ပတ်သက်ပြီး ဘာများမှတ်ချက်ပေး လိုပါ သလဲ။
ဖြေ။ ကျွန်တော့်အနေနဲ့ မပြောနိုင်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံက ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပတ်သက်လို့ သုံးသပ် ဖို့ ကျွန်တော့်မှာအခွင့်အရေးမရှိပါဘူး။ တစ်ဖက်ကကြည့်မယ်ဆိုရင် အေးချမ်းစွာနေလိုတဲ့ ပြည်သူလူထုတွေ၊ တာဝန်သိ အစိုးရ ဝန်ထမ်းတွေ၊ မိမိအလုပ်ကို တန်ဖိုးထားသူတွေကို ခြိမ်းခြောက်၊ ညှဉ်းပန်းနှိပ်စက်၊ နှောင့်ယှက်တဲ့လုပ်ရပ်တွေကို ဘယ်နိုင်ငံ ဘယ်အစိုးရမှလက်မခံပါဘူး၊ ဒီလိုလုပ်ဆောင် ခြင်းဟာလည်း စစ်မှန်တဲ့ဒီမိုကရေစီကိုရရှိနိုင်မှာမဟုတ်ဘူးလို့ ကျွန်တော်မြင်ပါတယ်။ ကျန်းမာရေးဝန်ထမ်းဆိုတာက လူ့အသက်နဲ့ လူတွေရဲ့ကျန်းမာရေးကို စောင့်ရှောက်ကာကွယ်ပေးတဲ့ လွန်စွာမြင့်မြတ်သောအလုပ် တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ကျန်းမာရေးဝန်ထမ်းတွေဟာ မေတ္တာနဲ့ကရုဏာထားပြီး လူသားတွေအပေါ်ဂရုစိုက်မယ်ဆိုရင် ပိုမိုကောင်းမွန်ပါတယ်။ အခုလို တစ်ကမ္ဘာလုံးကပ်ရောဂါဆိုက်နေချိန်မှာ ကျန်းမာရေး ဝန်ထမ်းတွေဟာ မိမိကိုယ်တိုင်က တက်ကြွ စွာနဲ့ လူသားတွေကို ပိုမိုကူညီသင့်တယ်လို့မြင်ပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ကောင်းမွန်စွာလေ့ကျင့်သင်ကြားထားပြီးတဲ့လူတွေဖြစ်တယ်၊ မိမိပရော်ဖက်ရှင် နယ်ကိုလည်း ယုံကြည်ချက်ခံယူချက်မြင့်မားစွာထားတဲ့လူတွေဖြစ်တာရယ် တိုင်းသူပြည်သားတွေအတွက်လည်း လိုအပ်တာ ဖြစ်တဲ့ အတွက် နိုင်ငံတော်အပေါ်သစ္စာစောင့်သိစွာဖြင့် ပြန်လည်ပူးပေါင်းဆောင်ရွက်လာလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
မေး။ မြန်မာနိုင်ငံရဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း ပြည်တွင်းနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများနဲ့ ပတ်သက်ပြီး လက်ရှိကမ္ဘာ့ မီဒီယာများမှာ အမျိုးမျိုးအဖုံဖုံဝေဖန်ပြောဆိုရေးသားဖော်ပြနေကြတာကို တွေ့မြင်နေရပါတယ်။ ဒီလိုရေးသားကြသူ များ အနက်မှာ ရုရှားနိုင်ငံက အစိုးရပိုင်နဲ့အစိုးရမဟုတ်တဲ့ မီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေဟာ အခြား နိုင်ငံတွေရဲ့ မီဒီယာများနဲ့မတူဘဲ ဘက်မလိုက်တဲ့အမြင်နဲ့ သမာသမတ်ကျကျ ရေးသား ဖော်ပြကြတာကို တွေ့မြင်ဖတ်ရှုမှတ်သားခဲ့ ရပါတယ်။ မိမိတို့ မြဝတီမီဒီယာ အနေနဲ့ လည်း မြဝတီသတင်းစာမှာ ရုရှားနိုင်ငံမီဒီယာများမှာရေးသားဖော်ပြခဲ့တဲ့ သတင်း ဆောင်းပါးတွေကို မြန်မာနိုင်ငံသူ၊ နိုင်ငံသား တွေ ဖတ်ရှုနိုင်ဖို့အတွက် ဘာသာပြန်ဆိုပြီးပြန်လည်ဖော်ပြပေးခဲ့ပါတယ်။ ဒါနဲ့ပတ် သက်ပြီးတော့ ရုရှားနိုင်ငံရဲ့ မြန်မာ့နိုင်ငံ ရေးအပေါ် ရပ်တည်ချက်နဲ့ ထင်မြင်ယူဆချက် များကို ယခုလိုအခွင့်အခါကြုံကြိုက်တုန်းမှာ မေးမြန်းလိုပါတယ်။
ဖြေ။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ နိုင်ငံရဲ့အချုပ်အခြာအာဏာကိုကာကွယ်ရန် လိုအပ်သလို နိုင်ငံရေး အပြောင်းအလဲ ကြောင့်လည်း စိန်ခေါ်မှုတွေများစွာကြုံတွေ့နေရတဲ့အချိန်လည်းဖြစ်ပါတယ်။ မြန်မာ့တပ်မတော်အနေနဲ့လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေအတိုင်း နိုင်ငံတော်ကိုဖွံ့ဖြိုးတိုးတက်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီလမ်းကြောင်းကို ဖော်ဆောင်နေတယ်လို့လည်း သိရပါတယ်။ ပြည်တွင်းတည်ငြိမ်မှုရရှိလာရင် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးပြီးတော့ အနိုင်ရတဲ့ပါတီကို တိုင်းပြည်အာဏာ ပြန်လည်လွှဲပြောင်းပေးမယ်လို့လည်းသိရှိရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ပြည်ပရဲ့စီးပွားရေးပိတ်ဆို့မှုအောက်မှာ ဆယ်စုနှစ်ပေါင်းများစွာ နေခဲ့ရပေမယ့်လည်း အဲ့ဒီအချိန်က တပ်မတော် အစိုးရက ဖြစ်ပေါ်နေတဲ့အခက်အခဲများကို အကောင်းဆုံး ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ အနောက်နိုင်ငံ မီဒီယာတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအကြောင်းကို ဖြစ်ပေါ်နေတဲ့ အခြေအနေကိုမချပြဘဲ သူတို့စိတ်ကြိုက်ဖော်ပြနေတယ်ဆိုတာက မထူးဆန်းပါဘူး။ အနောက် မီဒီယာတွေက စိတ်ကူးယဉ်ဆန်ဆန်လုပ်ဆောင်ကြတယ်။ တကယ်ဖြစ်ပျက်နေတာကို မြင်ချင်မှလည်းမြင်တယ်၊ ဒါပေမဲ့ မရှိတဲ့အရာကိုလည်းပုံကြီးချဲ့ ရေးသားတတ်တာက သူတို့ရဲ့အကျင့်ပဲလေ။ ကူးစက်ရောဂါတွေဖြစ်ပွားနေချိန်မှာ စီးပွားရေး ပိတ်ဆို့မှုတွေဖြစ်ပေါ်လာတာကလည်း လူတွေရဲ့စားဝတ်နေရေးကို ပိုမိုအခက်တွေ့စေပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့အနေနဲ့ အနောက်နိုင်ငံကပိတ်ဆို့မှုတွေ ပြုလုပ်လို့မရနိုင်တဲ့နည်းတွေကို စဉ်းစားရမယ်။ ရုရှားနိုင်ငံကိုလည်း စီးပွားရေးပိတ်ဆို့မှုတွေ ပိုမိုလုပ်ဆောင်လာတာလည်း တွေ့ရတယ်။ ဘယ်လိုပဲ ပြည်တွင်းရေး၊ နိုင်ငံရေး အခက်အခဲတွေ တွေ့ကြုံနေရလည်း မြန်မာ နိုင်ငံနဲ့ ရုရှားနိုင်ငံဟာ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့အတိုင်း နှစ်နိုင်ငံ တပ်မတော်အကြား အပြန်အလှန်ကူညီမှုတွေရှိတယ်။ ဒါ့အပြင် နိုင်ငံရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်၊ ယဉ်ကျေးမှုနယ်ပယ်၊ အားကစားနယ်ပယ်တို့မှာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမိုလုပ်ဆောင်နိုင်မယ်လို့ မြင်ပါတယ်။
မေး။ ၁၉၄၅ ခုနှစ်တုန်းက ရုရှားဟာ နယ်ချဲ့ဖက်ဆစ်စနစ်ကို ဥရောပတိုက်မှာအောင် မြင်စွာတိုက်ထုတ်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း တပ်မတော်ဟာ နယ်ချဲ့ဖက်ဆစ် ကိုတိုက်ထုတ်ပြီး နိုင်ငံရဲ့အချုပ်အခြာအာဏာကို ပြန်လည်ရယူပေး နိုင်ခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟာ မော်စကိုမြို့မှာ၂၀၂၀ ခုနှစ် ဇွန်လ ၂၄ ရက်နေ့က ကျင်းပတဲ့ အောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့ ပါတယ်။ ဗိုလ်ချုပ်ကြီးအနေနဲ့လည်း နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ (၇၆)နှစ်မြောက်တပ်မတော်နေ့အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ အင်အားတောင့်တင်း ခိုင်မာ သည့်တပ်မတော်သည် အမိမြေငြိမ်းချမ်း ရေးအတွက် အာမခံချက်တစ်ခုပဲဖြစ်ပါတယ်။ ဒီအချက်ကို သမိုင်းဖြစ်စဉ်တွေက သက်သေထူပေးနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ နိုင်ငံတကာရဲ့ဖိအားတွေကြားမှ အာရှပစိဖိတ်ဒေသတွင်း ခေတ်သစ်ပထဝီဝင်နိုင်ငံ ရေးအခင်းအကျင်းတွေကြားမှာ မြန်မာနိုင်ငံအနေနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်စွာဖြင့် ကြံ့ ကြံ့ခိုင်ရပ်တည်နိုင်မယ်လို့ ထင်ပါသလား။
ဖြေ။ မြန်မာနိုင်ငံနဲ့ဆိုဗီယက်ပြည်ထောင်စုမှာ ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ်ဝါဒကို တွန်းလှန်တိုက်ခိုက်ခဲ့တဲ့ တူညီတဲ့သမိုင်း ကြောင်းရှိပါတယ်။ ၁၉၄၂ ခုနှစ်မှာ ဖက်ဆစ် ကျူးကျော်သူဂျပန်တွေ သိမ်းပိုက်ခဲ့တဲ့ မြန်မာနိုင်ငံကို ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ ဖက်ဆစ်တွေကို ရွပ်ရွပ်ချွံချွံတိုက်ထုတ်နိုင်ခဲ့တယ်။ ဒါက ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ဖက်ဆစ်ကို အတူတူတွန်းလှန် တိုက်ထုတ်ခဲ့တဲ့သမိုင်းပဲ။ ဒီလိုသမိုင်းကြောင်းမျိုးကို မေ့ပစ်လို့မရပါဘူး။ လက်ရှိကမ္ဘာလုံးဆိုင်ရာ မတည်ငြိမ်မှုတွေ ဖြစ်နေတာ အတွက် နိုင်ငံတိုင်းကကြုံလာနိုင်တဲ့စိန်ခေါ်မှုအသစ်အသစ်တွေ၊ ခြိမ်းခြောက်မှုတွေ၊ အခက်အခဲတွေအတွက် ကြိုတင်ပြင်ဆင် ထားသင့်တယ်လို့ထင်တယ်။ မြန်မာနိုင်ငံဟာ ပစိဖိတ်သမုဒ္ဒရာနဲ့ အိန္ဒိယသမုဒ္ဒရာကြားတည်ရှိနေပြီး အရှေ့တောင်အာရှရဲ့ အကြီးဆုံးကုန်းတွင်းပိုင်းနိုင်ငံဖြစ်တယ်။ တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံကတော့ အာရှ-ပစိဖိတ်ဒေသတွင်းကိစ္စတွေကို ပါဝင်လိမ့်မယ်လို့ မထင်ပါဘူး။ နိုင်ငံတကာဆက်ဆံရေးမှာ ကိုယ့်နိုင်ငံရဲ့အကျိုးစီးပွားကိုဖြစ်ထွန်းစေရန်အတွက် အပြန်အလှန်ကူညီပေးနိုင်တဲ့ မဟာ မိတ်နိုင်ငံတွေဖွဲ့ရတယ်။ မြန်မာနိုင်ငံအနေနဲ့ ရုရှားနဲ့မဟာမိတ်နိုင်ငံအဖြစ် အမြဲယုံကြည်လို့ရတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပထဝီအနေ အထားအရ သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်စီးဆင်းမှုများမှာ မဟာဗျူဟာမြောက် အနေအထားမှာရှိခြင်းကလည်း အရေးကြီးပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အာရှ-ပစိဖိတ် ဒေသတွင်း မဟာဗျူဟာမြောက်အနေအထားမှာရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေ နဲ့ စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလားလာကောင်းတွေများစွာရှိတယ်လို့ ကျွန်တော်မြင်ပါတယ်။
မေး။ မြန်မာနိုင်ငံဟာဆိုရင် နိုင်ငံရဲ့အနောက်ဘက်နယ်နိမိတ်တစ်လျှောက် အိန္ဒိယသမုဒ္ဒရာနဲ့ထိစပ်နေပြီး ပစိဖိတ်ဒေသ၏ အနောက် ဖျားအစွန်းတစ်နေရာမှာ ပထဝီဝင်နိုင်ငံရေးအတွက် အရေးပါသည့် နိုင်ငံတစ်ခုအဖြစ်ဖြစ်တည်လျက်ရှိပါတယ်။ အမေရိ ကန်နိုင်ငံအနေနဲ့ ဒီဒေသတွင်းမှာ ပထဝီဝင်နိုင်ငံရေး အင်အားစုအသစ်များ ဖော်ဆောင်ဖွဲ့စည်းလျက်ရှိနေပါတယ်။ အင်ဒိုပစိဖိတ် မဟာမိတ် နိုင်ငံများဖွဲ့စည်းခြင်းကို သာဓကတစ်ခုအနေဖြင့် တွေ့မြင်နိုင်ပါတယ်။ ဒီအင်ဒိုပစိဖိတ် မဟာမိတ်အဖွဲ့နဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ကြီး ဘယ်လိုမြင်ပါသလဲ။ မြန်မာက ဒီအခင်းအကျင်းတွေကြားမှာ ဘယ်လိုပါဝင်လာနိုင်ပါသလဲ။ ရုရှား-မြန်မာနှစ်နိုင်ငံ စစ်ဘက်နှင့် စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက် အရှိန်အဟုန်တိုးမြှင့်ခြင်းဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင် သွားလို့ ရနိုင်ပါသလား။ ဒီလိုအခြေအနေမှာ ဘာတွေလုပ်သင့်ပါသလဲ။
ဖြေ။ အမေရိကန်ပြည်ထောင်စုနဲ့ သူ့ရဲ့မဟာ မိတ်တွေကတော့ အာရှ-ပစိဖိတ်အရေးမှာ တက်<ကစွာ ပါဝင်လှုပ်ရှား နေတာကြာပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုရဲ့ အဓိကအချက်အချာနေရာ ဟာ သဘာဝ သယံဇာတ များနဲ့ သယ်ယူ ပို့ဆောင်ရေးအခွင့်အလမ်းများစွာရှိတဲ့ အရှေ့တောင်အာရှ ဒေသရပ်ဝန်းဖြစ်နေလို့ ဖြစ်ပါတယ်။ အဓိကကတော့ အာရှ-ပစိဖိတ် ဒေသကို စိုးမိုးနိုင်ရင် စီးပွားရေး ကောင်းမွန်စွာ တိုးတက်လာမှာဖြစ်တယ်။
အမေရိကန်နိုင်ငံအနေနဲ့ အင်ဒို-ပစိဖိတ် ဒေသအတွင်းလွတ်လပ်ခွင့် ခေါင်းစဉ်နဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ ပင်လယ်ရေ ကြောင်းနဲ့ လေယာဉ်ပျံသန်းနိုင်ရေး လွတ်လပ်စွာသွားလာနိုင်ရေးကို တက်ကြွစွာ လုပ်ဆောင်လျက်ရှိတယ်။ အမှန်တကယ် နောက်ကွယ်မှာ သူတို့လိုချင်နေတာကတော့ ဒေသတွင်းလှုပ်ရှားမှုများကို ထိန်းချုပ်ခြင်းဖြင့် စီးပွားရေးအရ အကျိုးအမြတ်များ ရမည့်အပြင် ပထဝီအနေအထားအရ စစ်ရေးမဟာဗျူဟာမြောက်တဲ့နေရာကို ပိုင်ဆိုင်လိုခြင်းလည်း ဖြစ်ပါတယ်။ လက်ရှိ အခြေ အနေမှာတော့ ဒေသတွင်းကိစ္စရပ် များနှင့်ပတ်သက်ပြီး နီးစပ်တဲ့နိုင်ငံများမှ အပြန်အလှန် ဆက်သွယ်မှုဖြင့် ဆုံးဖြတ် ကိုင်တွယ် ဖြေရှင်းနေပါတယ်။
ဒေသတွင်းကိစ္စရပ်များကို အနောက် အုပ်စုများ ပါဝင်ပတ်သက်နေခြင်းက အာဆီယံနိုင်ငံတွေရဲ့ အရည်အသွေးကို ကျဆင်းစေပြီး ဒေသတွင်းလုံခြုံမှုကိုလည်း ထိပါးစေပါတယ်။ ဒါ့အပြင် ဒေသတွင်း နိုင်ငံများချိတ်ဆက်လုပ်ဆောင်မှုကို အင်အား လျော့နည်းစေပြီး ပဋိပက္ခများကိုပိုပြီးဖြစ်စေပါတယ်။ ဒေသတွင်းနိုင်ငံအချင်းချင်း ပဋိပက္ခတွေ ပိုများပြားလာလေ နိုင်ငံတွေအကြား ချစ်ကြည်ရင်းနှီးမှု ပျက်ပြားလာမှာဖြစ်တယ်။ ဆီးရီးယားက အကြမ်းဖက်သမားများ ပြန်လည်ပေါ်ထွက်လာခြင်းကတော့ အာရှ-ပစိဖိတ်ဒေသအတွင်း ပဋိပက္ခများနဲ့သက်ဆိုင်မှုမရှိပါဘူး။ဒေသအတွင်း တည်ငြိမ်အေးချမ်းမှုနဲ့ လုံခြုံမှုက မြန်မာနိုင်ငံအပေါ်များစွာမူတည်နေပါတယ်။ ဒါ့ကြောင့် ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို အကောင်းဆုံး ကာကွယ်ထားရန် လိုအပ်ပါတယ်။ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းနဲ့ ရေပိုင်နက်လုံခြုံရေးအတွက် ရုရှားနိုင်ငံက အပြည့်အဝကူညီပေးရန် အသင့်ရှိပါတယ်။ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများလည်း ပြုလုပ်နိုင်ပြီး စစ်ဘက်ဆိုင်ရာနည်းပညာများကိုလည်း ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိပါ တယ်။ ဒါ့အပြင် ခေတ်မီလက်နက်များကိုလည်း ထောက်ပံ့ကူညီပေးရန် အဆင်သင့်ရှိပါတယ်။
ယနေ့ခေတ် မြန်မာ့တပ်မတော်က ဒေသတွင်းအရေးတွေမှာ အရေးကြီးဆုံး အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ခေတ်မီ စစ်လက် နက်ပစ္စည်းများ တပ်ဆင်ထားဖို့ လိုအပ်ပြီး မြန်မာ့တပ်မတော်အတွက်လည်း အမှန်တကယ်အသုံးဝင်မှာ ဖြစ်ပါတယ်။ အင်အား တောင့်တင်းတဲ့ တပ်မတော်တစ်ရပ်ရှိနေခြင်းဟာ တိုင်းပြည်ကို လုံခြုံမှုအရှိဆုံး ပေးနိုင်တဲ့ သော့ချက်ဖြစ်တယ်။
မေး။ စစ်ဘက်ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍမှာ လက်ရှိရုရှားနိုင်ငံက လက်ခံကျင်းပပြုလုပ်နေတဲ့ International Army Games လို ပြိုင်ပွဲတွေ၊ မဟာဗျူဟာမြောက်စစ်ရေးလေ့ကျင့်ခန်း အခမ်းအနားတွေမှာ မြန်မာ့တပ်မတော်ကို ယ်စားပြုအသင်းတွေ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိနေပါတယ်။ အဲ့လိုကျင်းပပြုလုပ်တဲ့ ပြိုင်ပွဲတွေကို ရုရှားနိုင်ငံအတွင်းမှာသာမကဘဲ ပြိုင်ပွဲဝင် နိုင်ငံများ အတွင်းထိပင် အချို့သောကစားနည်းများကို လက်ခံကျင်းပစေဖို့ ရုရှားဘက်က စီစဉ်ဆောင်ရွက်နေတာကိုလည်း သတိပြုမိပါတယ်။ မြန်မာနိုင်ငံဟာလည်း ပြိုင်ပွဲဝင်နိုင်ငံတစ်ခုဖြစ်သည့်အတွက် မြန်မာနိုင်ငံမှာရောလက်ခံကျင်းပပေးဖို့ ကစားနည်းအသစ်တွေ ကမ်းလှမ်းလာဖို့ အစီအစဉ်ရှိ/မရှိနဲ့ ဘယ်လိုကစားနည်းမျိုးဆိုရင် မြန်မာ့ရေမြေတောတောင်နဲ့ ကိုက်ညီနိုင်တယ်လို့ထင်ပါသလဲ သိလိုပါတယ်။
ဖြေ။ နှစ်နိုင်ငံဆက်ဆံမှုများ တိုးတက်စေဖို့အတွက် ပူးပေါင်းဆောင်ရွက်မှုတွေများစွာ လုပ်ဆောင်ခဲ့ပါတယ်။ Tank Biathlon၊ Army of culture၊ Airborne platoon၊ Sea cup၊ sniper frontier military medical realyပ စတဲ့ ပြိုင်ပွဲတွေမှာ မြန်မာ့ တပ်မတော် ပါဝင်ဆင်နွှဲတာတွေကလည်း အထူးပင်ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုပဲဖြစ်ပါတယ်။
ဒီနှစ်အတွက်ပြိုင်ပွဲကို ပြည်နယ် ၁၃ ခု မှာကျင်းပမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ပြိုင်ပွဲကျင်းပတဲ့နေရာများကို ပိုချဲ့ထွင် ခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လာမယ့်ပြိုင်ပွဲမှာ ဘယ်နှခုလောက် ပါဝင်ဆင်နွှဲနိုင်မလဲဆိုတာကို စိတ်ဝင်စားစွာ စောင့် မျှော် နေပါတယ်။ စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်လာတယ်ဆိုတာကို Kavkaz 2020 မှာ မြန်မာ့တပ်မတော်မှ ပါဝင်ဆင်နွှဲခြင်းဟာ သက်သေပဲဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ရုရှား-ဘီလာရုစ် ပူးတွဲစစ်ဆင်ရေးလေ့ကျင့်ခန်းတွေမှာလည်း ပါဝင်ဆင်နွှဲမှု ကို စောင့်မျှော်နေပါတယ်။ အခုလိုမျိုးပါဝင်ဆင်နွှဲခြင်းတွေက မြန်မာ့တပ်မတော်နဲ့ ရုရှားလူမျိုးများအကြား ရင်းနှီးမှုကိုပို မိုခိုင်မာ စေပါတယ်။
မေး။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဦးစီးကျင်းပတဲ့အခမ်းအနားတွေကို မြန်မာ့တပ်မတော်ဘက်ကို ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နိုင်ဖို့အတွက် အစဉ်အမြဲသတိတရနဲ့ တလေးတစားဖိတ်ကြားသလိုပဲအခြားသော ရုရှားနိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ အရောင်းပြပွဲနဲ့ အလုပ်အကိုင်အခွင့်အလမ်းများ၊ ယဉ်ကျေးမှုဆိုင်ရာပြပွဲ ပြိုင်ပွဲတွေမှာလည်း မြန်မာနိုင်ငံအစိုးရဘက်က သက်ဆိုင်ရာ ဝန်ကြီးဌာန ကိုယ်စားလှယ်အဖွဲ့တွေသာမက အရပ်ဘက်စိတ်ပါဝင်စားသူစီးပွားရေးလုပ်ငန်းရှင်တွေပါ လာရောက်လေ့လာနိုင်ရေး ဖိတ်ကြားသွားဖို့ အစီအစဉ် ရှိ/မရှိသိလိုပါတယ်။
ဖြေ။ ရုရှား-မြန်မာ ယဉ်ကျေးမှုနဲ့ စီးပွားရေးဆိုင်ရာဆက်နွှယ်မှုကို ဖွံ့ဖြိုးတိုးတက်စေဖို့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်းက အရေးကြီးသော အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ အခုက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ ရုရှားနိုင်ငံသို့ ခရီးစဉ်ဖြစ်ပါတယ်။ ခရီးစဉ် အတွင်း အများ ပြည်သူသွားလာမှုအတွက် သယ်ယူပို့ဆောင်ရေးဌာနက တာဝန်ရှိ သူတွေ၊ မြေအောက်မီးရထားဆိုင်ရာ နည်းပညာနယ်ပယ်က တာဝန်ရှိသူတွေ၊ မြို့ပြ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပညာရှင်တွေ၊ ဆေး ပညာနယ်ပယ်က ခေတ်မီနည်းပညာများ စတာတွေကို လေ့လာကြည့်ရှုခဲ့ပြီးဖြစ်ပါတယ်။
စီးပွားရေးနယ်ပယ်မှာ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့လုပ်ငန်းတွေ၊ သတ္တုတွင်းစီမံကိန်း တွေကို ပူးပေါင်းလုပ်ဆောင်ရန် မျှော်လင့်ပါ တယ်။ ယဉ်ကျေးမှုနယ်ပယ်မှာဆိုရင် ရုရှား-မြန်မာချစ်ကြည်ရေးဥက္ကဋ္ဌ ကိုယ်တိုင် ခရီးစဉ်မှာပါဝင်ပြီး ချစ်ကြည်ရေးဆိုင်ရာ လုပ်ငန်းတွေကို ဆွေးနွေးတိုင်ပင်နေတယ်လို့လည်းသိရပါတယ်။ ဒါကြောင့် ရှေ့ဆက် ရုရှား-မြန်မာချစ်ကြည်ရေးဆိုင်ရာ လုပ်ငန်းများ ပိုမိုလုပ်ဆောင်နိုင်မယ်လို့လည်းမျှော်လင့်ပါတယ်။
မေး။ မြန်မာ့တပ်မတော်မှ သင်တန်းသားအများအပြားဟာ ရုရှားနိုင်ငံရဲ့ စစ်ဘက်၊ အရပ်ဘက်တက္ကသိုလ်တွေမှာ အဆင့်မြင့် ပညာသင်ယူတတ်မြောက်ခဲ့ကြပြီး ၎င်းတို့အမိနိုင်ငံကို ပြန်လည်ရောက်ရှိတဲ့အချိန်မှာလည်း မိမိတို့သင်ယူတတ်မြောက်ခဲ့တဲ့ ပညာရပ်တွေနဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန်အပါအဝင် တိုင်းကျိုးပြည်ပြုလုပ်ငန်းများကို စွမ်းစွမ်းတမံပါဝင်ဆောင်ရွက် လျက်ရှိ ကြပါတယ်။ ဒီလိုလက်တွေ့နယ်ပယ်မှာ ထူးချွန်စွာအောင်မြင်မှုတွေရရှိကြတဲ့ ရုရှားနိုင်ငံကမွေးထုတ်ပေးလိုက်တဲ့ ပညာရှင်များ အတွက် ဘယ်လိုစကားလက်ဆောင်များပါးလိုပါသလဲ။
ဖြေ။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှ မြန်မာ့ တပ်မတော်မှ အရာရှိများကို ရုရှားနိုင်ငံသို့ ပညာတော်သင်စေလွှတ်ခဲ့တာ အခုဆို ကျောင်းသား ၇၀၀၀ ကျော်လောက်ကို မွေးထုတ်ပေးပြီးဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ မာစတာကျောင်းသား ၆၅၀၀ ကျော်၊ ပါရဂူ ကျောင်းသား ၆၇၉ ဦးကျော်နဲ့ DoctorOf Science ဘွဲ့ ၈ ဦးကို မွေးထုတ်ပေးခဲ့ပြီးဖြစ်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားနိုင်ငံကို ပညာတော်သင်စေလွှတ်ဖို့ အကောင်အထည် ဖော် စတင်ဖွဲ့စည်းကတည်းကပင်ပါဝင်ခဲ့ပါတယ်။ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဖြစ်စဉ်ကာလအတွင်း ရုရှားနိုင်ငံကို ပညာ တော်သင်စေလွှတ်ဖို့ ကြိုးပမ်းလုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိအချိန်ထိ ဆက်လက်လုပ်ဆောင်နေဆဲလည်း ဖြစ်ပါတယ်။ နှစ်ပေါင်း ၂၀ လောက် မြန်မာနိုင်ငံအနေနဲ့နည်းပညာကို ကျွမ်းကျင်တဲ့ မျိုးဆက်ကိုမွေးထုတ်ခဲ့ပြီးဖြစ်ပါတယ်။
ဥပမာအနေနဲ့ စိန့်ပီတာစဘတ် ရေကြောင်းနည်းပညာတက္ကသိုလ်က သင်္ဘော တည်ဆောက်ရေး အင်ဂျင်နီယာဘွဲ့ရရှိသူတွေက မြန်မာ့တပ်မတော်(ရေ)အတွက် အဆင့်မြင့် ဖရီးဂိတ်တိုက်ခိုက်ရေးသင်္ဘောများကို တည်ဆောက်နိုင်ပြီဖြစ်ပါတယ်။ အခုလိုမျိုးကျွမ်း ကျင်သူတွေကို မြန်မာနိုင်ငံအတွက်မွေးထုတ်ပေးနိုင်တဲ့အတွက် ကျွန်တော်တို့ နိုင်ငံအနေနဲ့လည်းဂုဏ်ယူပါတယ်။ ဆက်လက်ပြီး တော့လည်း တတ်နိုင်သမျှ အစွမ်းကုန် ကူညီပေးသွားမှာဖြစ်ပါတယ်။
မေး။ ရုရှားနိုင်ငံမှာ မြန်မာ့တပ်မတော်မှ သင်တန်းသားအများအပြား ပညာသင်ကြားနေတာရှိပါတယ်။ အဲ့လိုပဲ အရပ်ဘက်ကဏ္ဍ တွေမှာ နောက်ထပ်လည်း မြန်မာနိုင်ငံရဲ့လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ ရုရှားနိုင်ငံအနေနဲ့ ဆက်လက် ကူညီဆောင်ရွက်ပေးသွားဖို့ အစီအစဉ်တွေရှိရင် သိလိုပါတယ်။
ဖြေ။ ကျွန်တော်တို့အနေနဲ့ မြန်မာကျောင်းသားများကိုမတူညီတဲ့ ကျောင်းတွေနဲ့ မတူညီတဲ့ နည်းပညာတွေကို တတ်နိုင်သ လောက် သင်ကြားပေးသွားမှာပါ။ တစ်ဦးနဲ့တစ်ဦးအပြန်အလှန်ကူညီခြင်းဟာ အရေးကြီးဆုံးပါ။ ရုရှား-မြန်မာဆက်ဆံရေးမှာ ပညာရေးသည်လည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်လေးတွေကိုလည်း ရုရှားမှာ ပညာလာသင်ပါ၊ ရုရှားမှာ ကောင်းမွန်တဲ့ ပညာရေးစနစ်နဲ့ ခေတ်မီတဲ့သိပ္ပံပညာရပ်များကို သင်ယူနိုင်ပါတယ်လို့လည်း ပြောပေး စေချင်ပါတယ်၊ ဖိတ်လည်းဖိတ်ခေါ်ပါတယ်။ ရုရှားနိုင်ငံဟာ မြန်မာနိုင်ငံအတွက် အမြဲတမ်းနွေးထွေးပြီးယုံကြည်ရတဲ့ မိတ်ဆွေနိုင်ငံ အဖြစ် အမြဲရှိနေမှာပါ။
မေး။ ရုရှားနိုင်ငံဟာ နည်းပညာမြင့်မားတဲ့ကမ္ဘာ့ထိပ်သီးနိုင်ငံတစ်ခုဖြစ်သလို နိုင်ငံတကာဆက်ဆံရေးမှာလည်း လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ၊ ငြိမ်းချမ်းရေးဖော်ဆောင်သည့်လုပ်ငန်းတွေမှာ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက် နေတဲ့ နိုင်ငံကြီးတစ်ခုဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး အတွေ့အကြုံအခက် အခဲများနဲ့ ဆောင်ရွက်ပေးခဲ့ရတဲ့ ရည်ရွယ်ချက် များကို သိရှိလိုပါတယ်။
ဖြေ။ အခက်အခဲကတော့ကြုံတွေ့ရပါတယ်။ အဓိကတော့ အနောက်နိုင်ငံများအနေဖြင့် ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံများကို တစ်ပြေးညီဆက်ဆံပြီး မိတ်ဖက်နိုင်ငံများအဖြစ် တန်းတူရည်တူ ကြိုးပမ်းလုပ်ဆောင်ဖို့ စိတ်မဝင်စားခြင်းကြောင့် ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ နိုင်ငံတကာ ဆက်ဆံရေးမှာ မျှတသော ဆက်ဆံရေးကို အဓိကအလေးထားပါတယ်။ ပြဿနာတစ်စုံ တစ်ရာ ပေါ်ပေါက်လာရင်လည်း ချက်ချင်းဖြေရှင်းနိုင်အောင် ကြိုးစားတယ်။ ဒါကြောင့် မြန်မာနိုင်ငံက ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးဆိုတဲ့ နိုင်ငံခြားရေးမူဝါဒကို ကျွန်တော်တို့လက်ခံတယ်။ မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမယ်လို့ယုံကြည်တယ်။ ဒါမှ စစ်မှန်သော ဒီမိုကရေစီကိုရရှိပြီးနောက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့ အရှေ့တောင်အာရှမှာ အာရှကျားအဖြစ် ပြန်လည်ရပ်တည်လာမယ်လို့လည်း ကျွန်တော်အကြွင်းမဲ့ယုံကြည်ပါတယ်။
မြန်မာလူမျိုးများဟာ အလုပ်ကိုကြိုးစားလုပ်ကိုင်သော လူမျိုးဖြစ်ပါတယ်။ အားလုံးပဲ ငြိမ်းချမ်းပျော်ရွှင်ကြပါစေလို့ နှုတ်ခွန်းဆက်သ လိုက်ပါတယ်။ ။
မြဝတီ