ရန်ကုန်၊ အိမ်ရာ
ရန်ကုန်တိုင်း ဒေသကြီး ဒဂုံ(တောင်ပိုင်း)မြို့နယ်ရှိ ဗန္ဓုလတန်ဖိုးနည်း အိမ်ရာတွင် စည်းကမ်းနှင့်အညီ စာရင်း ပေးသွင်း၍ မဲပေါက်ထားသူများကို နေထိုင်ခွင့်ချပေးကာ ဈေးတည်ဆောက်နိုင်ရေးကိုပါ ဆောင်ရွက်နေကြောင်း သိရသည်။
''အစကတော့ အိမ်ရာတွေ မဲပေါက် ထားပြီး နေထိုင်ခွင့်မရတာ သုံးနှစ်လောက်ကြာနေပြီ။ ဒါကြောင့် နေထိုင်ခွင့် ရရှိဖို့ ဆောင်ရွက်လိုက်တာပါ။ COVID-19ရောဂါမဖြစ်ခင်ကပဲ နေထိုင်ခွင့်ရရှိသွားပါပြီ။ အခုတော့ အိမ်ရာထဲ ဈေး တည်ဆောက်နိုင် ဖို့ကို ဆက်လက်ဆောင်ရွက်နေပါတယ်'' ဟု ဒဂုံ (တောင်ပိုင်း)မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးညီညီကပြောသည်။
အဆိုပါအိမ်ရာတွင် ကလေးကစားကွင်း၊ ပန်းဥယျာဉ်နှင့် ဈေးတည်ဆောက်ပေးနိုင်ရန် တင်ပြ တောင်းဆိုထားရာ ယင်းအိမ်ရာ တည်ဆောက်ရေး မူလ Master Plan တွင် ဈေးပါရှိသည်။ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီနှင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး ဈေးတည်ဆောက်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်နေကာ ဈေးတည်ဆောက်မှု ပြီးစီးပါက အားကစားကွင်း တည်ဆောက်ရေးကိုလည်း အမြန်ဆုံး ဆောင်ရွက်ပေး မည်ဖြစ်သည်။
ဗန္ဓုလတန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ က ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်က ကန်ထရိုက်တာများနှင့် သဘောတူစာချုပ်ချုပ်ဆိုပြီးခြောက်ခန်းတွဲ လေးထပ် အဆောက်အအုံ ၅ဝ (RC Structure ၃၅ လုံးနှင့် Steel Structure ၁၅ လုံး) အခန်းပေါင်း ၁၂ဝဝ ပါဝင်သည်။ တည် ဆောက်ရေး လုပ်ငန်း ပြီးစီး၍ နေထိုင်ခွင့်ရရှိ သူများနေရာချထားရန် စစ်ဆေးခဲ့ရာ Steel Structure ၁၅ လုံးမှာ Joint Connection များကြံ့ခိုင်မှု အားနည်းနေသဖြင့် ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့က Myanmar Engineering Society (MES)နှင့် Myanmar International Consulting Engineers Group (MICEG) သို့ အပ်ကာ ပြန်လည် ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက် နေရကြောင်း သိရသည်။
ဆောင်ရွက်ပြီးစီးမှုအရ ပြည်သူများနေထိုင်မည့် အဆောက်အအုံဖြစ်သည့် အတွက် ကြံ့ခိုင်မှုမရှိသေးလျှင် နေထိုင် ခွင့်မ ပြုနိုင် သောကြောင့် အကြိမ်ကြိမ် စစ်ဆေးပြီး MICEG ကုမ္ပဏီငါးခုက ပြင်ဆင်ထားသည့် စာရွက် စာတမ်း အထောက် အထားများကို စိစစ်ရကြောင်း သိရသည်။
ဇွန်သီတာ