ပြည်သူ့ဆေးရုံများတွင် ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများကို တန်ဖိုးသင့်ထမင်း၊ ဟင်းများနှင့် စားသောက်ကုန်ပစ္စည်းများ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေး

နေပြည်တော်၊ စက်တင်ဘာ - ၁

COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆေးရုံ တက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ စားရေးသောက်ရေးတွင် အဆင်ပြေစေရန်အတွက် ယနေ့တွင် ကချင်ပြည်နယ်၊ မိုးမိတ်မြို့ ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးနှင့် အောင်ပန်းမြို့ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးနှင့် မိုင်းဖြတ်မြို့ပြည်သူ့ဆေးရုံ၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပြည်သူ့ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ လှိုင်သာယာမြို့နယ်၊ ပြည်သူ့ဆေးရုံကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဆေးရုံကြီး၊ မြောက်ဥက္ကလာပ မြို့နယ်နှင့် အင်းစိန်မြို့နယ်တို့ရှိ သင်ကြားရေးနှင့် အထွေထွေရောဂါကုဆေးရုံကြီးများ၊ တောင်ဥက္ကလာပမြို့နယ် အမျိုးသမီးနှင့် ကလေးဆေးရုံကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဟင်္သာတမြို့နှင့် ကျုံပျော်မြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ပြည်သူ့ ဆေးရုံနှင့် ခန္တီးမြို့၊ ခရိုင်ပြည်သူ့ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ပြည်သူ့ဆေးရုံ၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ပြည်သူ့ဆေးရုံနှင့် မင်းလှမြို့နယ်ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ပဲခူးမြို့နှင့် ပြည်မြို့တို့ရှိ အထွေထွေရောဂါကုဆေးရုံကြီးများ၊ ဖြူးမြို့ပြည်သူ့ ဆေးရုံနှင့် သာယာဝတီမြို့၊ ခရိုင်ပြည်သူ့ဆေးရုံတို့၌ တန်ဖိုးသင့် ထမင်း၊ ဟင်းနှင့် ဟင်းသီး၊ ဟင်းရွက်များ၊ အသား၊ ငါးများနှင့် ဥအမျိုးမျိုးတို့ကို တပ်မတော်သားများနှင့် မိသားစုဝင်များက သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။

 

ထို့ပြင် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ဒေသခံပြည်သူများ စားရေးအထောက်အကူ ဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေများရှိ မြို့နယ်အသီးသီး၌ နယ်မြေခံ တပ်မတော်သားများနှင့် မိသားစုဝင်များက စားသောက်ကုန်ပစ္စည်းများနှင့် တန်ဖိုးသင့်ထမင်းဟင်းများကို ရောင်းချပေးခဲ့သည်။

 

ထိုသို့ရောင်းချရာတွင် နယ်မြေခံ တပ်မတော်သားများနှင့် မိသားစုဝင်များ၏ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ ဘဲဥများ၊ နွားနို့များ၊ တပ်မတော်စက်ရုံထုတ် စားသောက်ကုန်ပစ္စည်းများ၊ တန်ဖိုးသင့် ထမင်း၊ ဟင်းများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။