ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၌ လှည့်ကင်းဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင် များအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် အကြမ်းဖက်အဖွဲ့ဝင်များအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဇူလိုင် - ၈
    
ဆူပူအကြမ်းဖက်မှုကိုလိုလားသူ အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားထိခိုက်စေရန် ရည်ရွယ်၍ လူငယ်များအား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထံတွင် အကြမ်းဖက်သင်တန်းများ တက်ရောက် စေပြီး အများပြည်သူလူထု သွားလာလှုပ်ရှားလျက်ရှိသည့် နေရာများကို မိုင်းထောင် တိုက်ခိုက်ခြင်း၊ ကလေးသူငယ်များ၏ ပညာရေးကို ထိခိုက်စေရန် စာသင် ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်တိုက်ခိုက်ခြင်း၊ လုံခြုံရေး ဆောင် ရွက်လျက်ရှိသော တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား လုပ်ကြံသတ်ဖြတ်ခြင်းများကို  လူသားချင်းစာနာ ထောက်ထားမှုမရှိဘဲ လုပ်ဆောင် လျက်ရှိသည်။
    
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဇွန် ၂၉ ရက် နံနက်ပိုင်းတွင် တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်အတွင်း လှည့်ကင်းဆောင်ရွက်ရန် ထွက်ခွာလာသော လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များအား ဧရာဝတီဘဏ်အနီးသို့အရောက်၌ အကြမ်းဖက်သူများက Toyota Wish အမျိုးအစား(လိုင်စင်မဲ့)အဖြူရောင်ယာဉ်ပေါ်မှ သေနတ်ဖြင့် ပစ်ခတ်၍ ထွက်ပြေး သွားခဲ့ကြောင်းနှင့် ၎င်းမော်တော်ယာဉ်အား သွားရောက်စစ်ဆေးခဲ့ရာ မော်တော်ယာဉ် အနီးလမ်းပေါ်မှ ပစ္စတိုသေနတ် ၁ လက်၊ ၉ မမ ကျည်ခွံ ၉ ခုနှင့် မော်တော်ယာဉ် ခေါင်းခန်းအတွင်းမှ ၉ မမ ကျည် ၂၀ တောင့်၊ ယာဉ်မောင်းလိုင်စင် ၁ ခုကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ပြီး ဖြစ်သည်။
    
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြစ်မှုကျူးလွန်သူတရားခံများအား ဖမ်းဆီး ရမိရေး ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၆ ရက်၌ တရားခံ ခန့်စည်သူ(၂၂)နှစ်၊ ခန့်စည်သူ၏ ဖခင်ဖြစ်သူ ဦးမောင်မောင်လွင်(၅၅)နှစ်နှင့် စောထူးအောင်မြင့်(ခ)Y2K တို့ ၃ ဦးအား ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာအနီးရှိ ငါးကန်၌ ဖမ်းဆီးရမိခဲ့ သည်။
    
ဖမ်းဆီးရမိတရားခံ ခန့်စည်သူ၏ ထွက်ဆိုချက်အရ ဇူလိုင် ၇ ရက် နံနက်ပိုင်းတွင် ဆက်စပ်တရားခံ စစ်သွေးအောင်(၂၁)နှစ်အား စမ်းချောင်းမြို့နယ်၊ သီရိခေမာရပ်ကွက်၊ သီရိလမ်းရှိနေအိမ်၌ လက်လုပ်အသံဗုံး ၈ လုံး၊ လက်လုပ်ဗုံး ၄ လုံး၊ ယမ်းပျော့ ၁၁ တောင့်၊ ယမ်းမှုန့် ၁ ထုပ်၊ စနက်တံကြိုး ၁၈ ချောင်း၊ အခြား ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ ကျိုက္ကဆံအိမ်ရာဝင်း၌ ဆက်စပ်တရားခံ ကောင်းပြည့်ဝင်း(၃၃)နှစ်ကိုလည်း Honda Insight အဖြူရောင်ယာဉ် ၁ စီး နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
    
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ ကိုခွန်း ဆိုသူမှ ခန့်စည်သူ၊ စစ်သွေးအောင်၊ ကောင်းပြည့်ဝင်းနှင့် စောထူးအောင်မြင့်(ခ)Y2K တို့အား ခင်ကျော် (UNRA)ထံတွင် လက်နက်နှင့် ဖောက်ခွဲရေးသင်တန်းတက်ရောက်ရန် ချိတ်ဆက် ဆောင်ရွက်ပေးခဲ့သဖြင့် ဧပြီ ၂၀ ရက်မှ ၂၇ ရက်အထိ သင်တန်းတက်ရောက်ခဲ့ကြောင်း၊
သင်တန်းဆင်းပြီးနောက် ကိုခွန်း ဖွဲ့စည်းထားရှိသော Union Of Myanmar Civil Defence(UMCD) အဖွဲ့တွင်ပါဝင်ခဲ့ပြီး လက်လုပ်မိုင်းများနှင့် ချိန်ကိုက်ဗုံးများ ပြုလုပ်၍ ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြောကြားထားခဲ့ကြောင်း သိရှိရသည်။
    
တရားခံ ခန့်စည်သူ အနေဖြင့် ဇွန်လ ၂၆ ရက်တွင် တာမွေမြို့နယ်ရှိ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအား လက်လုပ်မိုင်းဖြင့် သွားရောက်ဖောက်ခွဲခဲ့ရာ ပေါက်ကွဲမှုမရှိခဲ့ကြောင်းနှင့် ဇွန်လ ၂၉ ရက်တွင် တရားခံ ခန့်စည်သူသည် စစ်သွေးအောင်၊ စောတရုတ်တို့နှင့်အတူ Toyota Wish အမျိုးအစား(လိုင်စင်မဲ့) အဖြူ ရောင်ယာဉ်ဖြင့် တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်သို့သွားရောက်ခဲ့ပြီး တရားခံ ခန့်စည်သူက လုံခြုံရေးရဲတပ်ဖွဲ့ဝင်အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
    
သို့ဖြစ်ပါ၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားအောင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခဲ့သည့် တရားခံ ၅ ဦး အား ပစ္စတိုသေနတ် ၁ လက်၊ ၉ မမ ကျည် ၂၄ တောင့်၊ လက်လုပ်အသံဗုံး ၈ လုံး၊ လက်လုပ်ဗုံး ၄ လုံး၊ ယမ်းပျော့ ၁၁ တောင့်၊ ယမ်းမှုန့် ၁ ထုပ်၊ စနက်တံကြိုး ၁၈ ချောင်း တို့နှင့်အတူ ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့အား ဥပဒေအရထိရောက်စွာအရေးယူသွားမည် ဖြစ်ကြောင်းနှင့် ဆက်စပ်သူများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာ နေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှုသတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်းနှင့် မြို့ရွာများအမြန်ဆုံးအေးချမ်းတည်ငြိမ်ရေး အတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။