အကျိုးအကြောင်း အဆိုးအကောင်း

လူသားတို့တွင် ကိုယ်ကျင့်တရားသည် လွန်စွာအရေးပါလေသည်။ ကိုယ်ကျင့်တရား ကောင်းမွန်သူသည် စည်းစိမ်ဥစ္စာ များစွာရခြင်း၊ ကောင်းသတင်းကျော်စောခြင်း၊ ကြောက်ရွံ့ခြင်းမရှိ၊ ကြည်လင်သန့်ရှင်းခြင်း၊ တွေဝေမိန်းမောစွာ မသေရခြင်း၊ ကောင်းမြတ်သောဘုံသို့ ကပ်ရောက်ရခြင်းဟူသော အကျိုးတရား ငါးပါးဖြစ်ထွန်းပါသည်။ ထို့အတူ သီလရှိသောသူသည်လည်း ထိုကောင်းကျိုးငါးဖြာနှင့် ပြည့်စုံနေပေလိမ့်မည်။ သီလလည်းမလုံခြုံ၊ ကိုယ်ကျင့်တရား ကလည်း မကောင်းသောအခါ ကောင်းကျိုးများနှင့် ပြောင်းပြန်ဆိုးကျိုးများကို ခံစားရမည် ဖြစ်ပေသည်။

အိမ်တစ်အိမ်၊ မိသားစုတစ်စုမှသည် နိုင်ငံတစ်နိုင်ငံအတွက်လည်း ကိုယ်ကျင့်တရား ကောင်းမွန်သူများ အထူးလိုအပ်လှပေသည်။ မိမိ၏ တစ်ကိုယ်ရေအတ္တ အကျိုးစီးပွားထက် အများကောင်းကျိုးကို လုပ်ဆောင်နိုင်သူသည် အများကောင်းကျိုးရှေးရှု သယ်ပိုးသူအဖြစ် လေးစားထိုက်သည်။ လူမှုပတ်ဝန်းကျင်တွင် များသောအားဖြင့် တွေ့မြင်ကြားသိနေရသည်မှာ လူတို့သည် ဆင်းရဲခြင်းဒဏ်ကို ခံနိုင်သော်လည်း ချမ်းသာခြင်းဒဏ်ကို မခံနိုင်ခြင်း ဖြစ်သည်။ လူအချို့က အကောင်းတွေပြောကာ အပြောကောင်းသော်လည်း လက်တွေ့လုပ်ဆောင်သည့်အခါ အပြောတခြား အလုပ်တခြားတွေ့မြင်ရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ရေး ဆွဲပြဋ္ဌာန်းကာ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးခဲ့သည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ပထမဒီမိုကရေစီအစိုးရ၊ ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ဒုတိယဒီမိုကရေစီ အစိုးရစသည်ဖြင့် အစိုးရနှစ်ဆက်အုပ်ချုပ်ခဲ့ကြသည်။ ဒုတိယအစိုးရ တာဝန်ယူချိန်တွင် ပထမအစိုးရ၏ အစီအစဉ်များကို ပြောင်းလွှဲကာ ၎င်းတို့၏စိတ်တိုင်းကျ အုပ်ချုပ်မှုပုံစံကို ကျင့်သုံးခဲ့သည်။ အစိုးရသက်တမ်းမပြည့်မီမှာပင် ပြည်ထောင်စုဝန်ကြီးတွေ တစ်ယောက်ပြီးတစ်ယောက်ပြောင်းခဲ့သည်။ ဒုတိယဝန်ကြီးများ မထားဟု ပြောခဲ့သော်လည်း နောက်ဆုံးတွင် ဒုတိယဝန်ကြီးများကို ပြန်လည်ခန့်ထားခဲ့ရသည်။

အဆိုးဆုံးဖြစ်ရပ်မှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ခိုးဝင်ဘင်္ဂါလီများအရေးမှာ မြန်မာနိုင်ငံ၏ ပြည်တွင်းရေး ဖြစ်သော်လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်ကာ ကမ္ဘာ့အရေးဖြစ်အောင် လုပ်ဆောင်ခဲ့သည်။ မြန်မာ့အရေးထက် နိုင်ငံတကာအရေးကို ဦးစားပေးခဲ့သည်။ ဒီမိုကရေစီ စစ်စစ်အစိုးရဟု ကြွေးကြော်ခဲ့သော်လည်း လက်တွေ့တွင်ငွေကျပ်သန်းပေါင်း ခြောက်ထောင်ကျော် အကုန်ခံကာ လူမှုကွန်ရက်စောင့်ကြည့်ရေး အဖွဲ့ဖွဲ့ခဲ့သည်။ ပြည်သူတို့ ခံစားနေရသော အရေးအရာများကို တင်ပြလျှင် ထိုအဖွဲ့က လူမှုကွန်ရက်ကို ဖြတ်တောက်ပစ်သည်။ ပြည်ပအကြံပေးများက မြန်မာ့ပြည်တွင်းရေးကို ခြယ်လှယ်ချင်သလို ခြယ်လှယ်ခဲ့သည်။

ပြည်ထောင်စုအဆင့်ဝန်ကြီး၊ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များက ကိုယ်ကျင့်တရား ကောင်းကောင်းဖြင့် ပြည်သူလူထုကောင်းကျိုး သယ်ပိုးမည်ဟူသော စိတ်ထားမရှိခဲ့ပေ။ မိမိပါတီအာဏာရရှိရေး၊ မိမိတစ်ကိုယ်တည်း ကောင်းစားရေးအတွက် ငွေကြေးအလွဲသုံးစားမှုများ ပြုခဲ့သည်။ အာဏာရှိစဉ်ကထင်တိုင်းကြဲခဲ့သော လုပ်ရပ်များသည် အချိန်တန်သောအခါ အမှုမှန်ပေါ်ပေါက်လာရသည်။ ဒုတိယဒီမိုကရေစီ အစိုးရသက်တမ်းတွင် ပြည်သူလူထုအတွက် ရိုးသားစွာ အလုပ်လုပ်ကိုင် သွားသူဟူ၍ မရှိသလောက်ပင်ဖြစ်သည်။

နိုင်ငံရေးရာထူးလက်ရှိဖြစ်သူ သို့မဟုတ် နိုင်ငံရေး ရာထူးလက်ရှိဖြစ်ခဲ့စဉ်က မည်သူမဆို အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို ၁၅ နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟူ၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ တွင် ပြဋ္ဌာန်းထားသည်။ ဒုတိယဒီမိုကရေစီ အစိုးရလက်ထက်တွင် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က အဂတိလိုက်စားခဲ့သူများမှာ (အရပ်စကားနှင့်ပြောရလျှင်) ကြောက်ခမန်းလိလိ လာဘ်စားခဲ့ကြသည်။ ရာဇဝတ်ဘေးပြေးမလွတ်ဆိုစကားအတိုင်း တိုင်းသူပြည်သားများ၏ သစ္စာသည် စူးရှထက်မြက်ပါသည်။ သူလည်းစားတာပဲ ငါလည်းစားလိုက်မယ် ဆိုသောအတွေးဖြင့် အဂတိလိုက်စားမှုကို အပြိုင်အဆိုင် ကျူးလွန်ခဲ့ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းစာရှင်းလင်းပွဲနှင့် နေ့စဉ်သတင်းမီဒီယာများတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့် အရေးယူထားသူများကို ယင်းတို့ ကျူးလွန်ခဲ့သည့် ပြစ်မှုများနှင့် ဖော်ပြပေးလျက်ရှိသည်။ ၂၀၂၁ ခုနှစ် ဇူလိုင် ၇ ရက်နေ့ထုတ်သတင်းစာများတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်နှင့် လျှပ်စစ်၊ စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီးဟောင်း ဦးဇာနည်အောင်တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူသတင်းကို တွေ့မြင်ရသည်။ ထိုအမှုများကို လေ့လာကြည့်လျှင် ပြည်သူလူထုအများကောင်းကျိုးအတွက် မဟုတ်ဘဲယင်းတို့ပါတီ၊ ယင်းတို့မိသားစု ကြီးပွားချမ်းသာရေးအတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကိုယ်ကျင့်တရားမကောင်းသူတို့သည် စည်းစိမ်ဥစ္စာ ဆုံးရှုံးရခြင်း၊ မကောင်းသတင်းကျော်စောခြင်း၊ ကြောက်ကြောက်ရွံ့ရွံ့နှင့် လူပုံအလယ်တွင် မျက်နှာငယ်ရခြင်း၊ တွေဝေစွာသေရခြင်း၊ မကောင်းသော ဒုက္ခတိဘုံသို့ ကျရောက်ရခြင်းစသော ဆိုးကျိုးများကိုသာ ခံစားရမည် ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။     ။