မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည့်နေရာများ၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ သြဂုတ် -

ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပိန်းဇလုပ်မြို့၊ ကင်မွန်းချုံရပ်ကွက်သို့ ရေများဝင်ရောက်ခြင်း၊ ရေတာရှည်မြို့နယ်၊ ခင်တန်းကြီးအုပ်စု၊ ဇီးအုပ် ကျေးရွာနှင့် ပေါက်ချောင်းကျေးရွာအကြား စမိုးချောင်းနှင့် ဆည်မြောင်းရေပြွန်ဆုံရာနေရာရှိ တာဘောင်မှာ ချောင်းရေ တိုက်စားမှုကြောင့် တာကျိုးပေါက်ခြင်း၊ တောင်ငူမြို့၊ ကင်းဆိပ်ကျေးရွာ နှင့်အုတ်တွင်းမြို့နယ်၊ ဝဲဒေါင့်ကျေးရွာအုပ်စု၊ မန်ကျီးပင်စုကျေးရွာချင်း ဆက်လမ်းပေါ်ရှိ ခပေါင်း ချောင်း(သစ်သား) တံတားသည် ချောင်ရေတိုက်စားမှုကြောင့် ရေစီးနှင့်အတူ မျောပါပျက်စီးခြင်း၊ ပေါက်ခေါင်းမြို့နယ်၊ ကံကျင်းကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်းသို့ သွားသည့်လမ်းပေါ်ရှိ သွပ်မိုးတံတားမှာ ကံကျင်းချောင်းရေ တိုက်စားမှုကြောင့် ရေစီးနှင့်အတူ မျောပါခြင်းများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ရေဝင်ရောက်မှုနှင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော နေရာဖြစ်သည့် ကင်းမွန်းချုံ ကျေးရွာမှ ရေဘေးရှောင်ပြည်သူ ၃၇၀ ဦးကို တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ညောင်လေးပင် တပ်နယ်မှ တပ်မတော်သားများက ရေဘေးလွတ်ရာ ရေလည်ဘုန်းတော်ကြီးကျောင်းနှင့် သုဓမ္မ ပရိယတ္တိစာသင်တိုက်သို့ ကူညီရွှေ့ပြောင်းပေးပြီး ထမင်းထုပ်များ ဝေငှပေးခြင်း၊ ရေတာရှည် မြို့နယ်၊ စမိုးချောင်းနှင့်ဆည်မြောင်းရေပြွန်ဆုံရာ တာဘောင်ပျက်စီးခြင်းကို ရေတာရှည် တပ်နယ်မှ တပ်မတော်သားများ မျောတိုင်များဖြင့် တုတ်ရိုက်ခြင်း၊ သဲအိတ်များဖြင့် တာဘောင် ပြုပြင်ခြင်း၊ တောင်ငူမြို့၊ ကင်းဆိပ်ကျေးရွာနှင့် အုတ်တွင်းမြို့နယ်ရှိ မန်ကျီးပင်စုကျေးရွာကြားရှိ ခပေါင်းတံတားပျက်စီးမှုကို တောင်ငူတပ်နယ်မှ တပ်မတော်သားများက တံတားပြန်လည် ပြုပြင်တည်ဆောက်ခြင်းနှင့် ပေါက်ခေါင်းမြို့နယ်၊ ကံကျင်းကျေးရွာ သွပ်မိုးတံတား ပျက်စီးမှုကို ပြည်တပ်နယ်မှ တပ်မတော်သားများက တံတား ပြန်လည်ပြုပြင်ခြင်း စသည့်ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများကို ယနေ့တွင် တပ်နယ်အသီးသီးမှ တပ်မတော်သားများက ဆောင်ရွက်ပေးသည်။

 အလားတူ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ပန်းတောင်းမြို့နယ်၊ ထုံးဘိုမြို့၊ ခတ္တိယနှင့် တောင်(၂)ရပ်ကွက်များရှိ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၇၃ စု၊ လူဦးရေ ၂၇၀ ဦးကို ၎င်းတို့ယာယီ ရွှေ့ပြောင်းနေထိုင်သည့် ရေဘေးရှောင် စခန်းများသို့ တပ်နယ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး ဆန်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။