(၁၉) ကြိမ်မြောက် ငွေကျပ် ၁ဝဝဝ တန် အောင်ဘာလေထီဖွင့်ပွဲကို စက်တင်ဘာ ၁ ရက်တွင် ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းနှင့် (၃၇) လမ်းထောင့်ရှိ အောင်ဘာလေ သိန်းဆုဌာနတွင် Social Distancing နှင့်အညီ ကျင်းပရာ ငွေကျပ် ၁၈၁၆၃ ဒသမ ၅၉၆ သန်းကို ဆုကြေးအဖြစ် ချီးမြှင့်ပေးမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန အောင်ဘာလေ သိန်းဆုဌာနခွဲမှ သိရသည်။
အဆိုပါထီဖွင့်ပွဲကို ရန်ကုန်အောင်ဘာလေထီရုံး ညွှန်ကြားရေးမှူး ဦးညီညီလှိုင် ဦးဆောင်ကာ ထီကိုယ်စားလှယ်များ၊ ထီလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အောင်ဘာလေထီရုံးမှ တာဝန်ရှိသူများက Social Distancing နှင့်အညီ ကျင်းပခြင်းဖြစ်သည်။
(၁၉) ကြိမ်မြောက် ငွေကျပ် ၁ဝဝဝ တန်အောင်ဘာလေထီ ဖွင့်ပွဲတွင် ထီလက်မှတ် ''က'' အက္ခရာမှ အစဉ်လိုက်''ကဃ'' အက္ခရာအထိ အက္ခရာအလုံးရေ ၃၇ လုံး ဖြင့် ထီစာအုပ်ပေါင်း ၃ဝ၂၇၂၆၆ အုပ်မှ ထီလက်မှတ်အစောင်ရေ ၃၃၂၉၉၉၂၆ စောင် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ရောင်းချခြင်းမှ ငွေကျပ် ၃ဝ၂၇၂ ဒသမ ၆၆ သန်းရရှိခဲ့ပြီး ယင်းမှ ၆ဝ ရာခိုင်နှုန်းကို ဆုကြေးငွေအဖြစ် ပြန်လည်ခွဲဝေပေးခြင်း ဖြစ်သည်။ ထီဆုကြီးများတွင် ငွေကျပ် သိန်းတစ်သောင်းခွဲမှ ငွေကျပ် ၁ဝ သိန်းအထိပါဝင်ပြီး ဝေဝေဆာဆာ ပဒေသာဆုမဲစနစ်တွင် ငွေကျပ် သုံးသိန်းမှ ငွေကျပ်ငါးသောင်းအထိ ပါဝင်ကြောင်း သိရသည်။