သတ္တမအကြိမ် အစိုးရနှင့် NCA-S EAO တို့၏ အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်   သြဂုတ်   ၄

သတ္တမအကြိမ် အစိုးရနှင့် NCA-S  EAO တို့၏ အလုပ်အဖွဲ့ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ၌ကျင်းပသည်။

အစည်းအဝေးသို့ အစိုးရ ကိုယ်စားလှယ်များအဖြစ် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(အငြိမ်းစား)၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပြုံးချို (ခ) ဦးဌေးဝင်းအောင်၊  ငြိမ်းချမ်းရေး ကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေ နှင့် ဦးမိုးဇော်ဦး၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြပြီး    NCA-S  EAO ကိုယ်စားလှယ်များ အဖြစ် NCA   အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်  စဝ်စိုင်းငင်း(RCSS /SSA)၊ ညှိနှိုင်းရေးမှူး ဦးမျိုးဝင်း(ABSDF)၊ညှိနှိုင်းရေး အဖွဲ့ဝင်များဖြစ်ကြသည့် ပဒိုစောတာဒိုမူး (KNU)၊ ဦးလှဌေး (ABSDF)၊ စောမြရာဇာလင်း(ALP)၊   ဒေါက်တာလျန်မှုန်းဆာခေါင်း(CNF)၊ ဆလိုင်းထလာဟေး (CNF)၊ စောစိန်ဝင်း(DKBA)၊ ပဒိုစောအယ်ကလူစေး (KNU)၊ စောကျော်ညွန့်(KNLA-PC)၊ ကြာဆော်လမွန် (LDU)၊ နိုင်အောင်မငေး (NMSP)၊ ခွန်မြင့်ထွန်း(PNU)နှင့် ဒေါက်တာစိုင်းဦး(RCSS/SSA) တို့ တက်ရောက်ကြသည်။

အစည်းအဝေးတွင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ယနေ့အစည်းအဝေးတွင်ဆွေးနွေး ညှိနှိုင်းကြမည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက်၊ ၂ဝ၂ဝ ပြည့်နှစ် အလွန်အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်များနှင့်  အဆင့်လိုက် အကောင်အထည်ဖော်မှု၊ လမ်းညွှန် အခြေခံမူ သဘောတူညီချက် ကိစ္စရပ်များသည် မိမိတို့အကြား နှစ်ဖက်သဘောထားများကို များစွာ ဆွေးနွေးထားပြီး ဖြစ်ကြောင်း၊ နှစ်ဖက် အဆိုပြုချက်များကို ဘုံသဘောတူညီချက် ရရှိရန် ယနေ့ အစည်းအဝေးတွင် ထပ်မံဆွေးနွေး ပေးကြရန် တိုက်တွန်း ပြောကြားလိုကြောင်း။မိမိတို့ရပ်တည်ချက် သဘောထားများကို ဆုပ်ကိုင်ညှိနှိုင်းနေခြင်းမျိုး မဟုတ်ဘဲ မိမိတို့ဆွေးနွေးဖက်များအကြား အပြန်အလှန် တူညီသည့် သဘောထားများကို ဦးစားပေးရှာဖွေကာ ဘုံသဘော တူညီချက်အဖြစ် ပြောင်းလဲလာရန်နှင့် နည်းလမ်းရှာဖွေကြရန် တိုက်တွန်းလိုကြောင်း၊ ယနေ့ဆွေးနွေးမှုများမှတစ်ဆင့် သဘောတူညီချက်များ ရရှိပြီး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် NCA-S  EAO  ၏  NCA  အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်းက ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထ အစည်းအဝေးကို သြဂုတ်လ တတိယပတ်တွင်  ကျင်းပမည်ဖြစ်ပြီး ယခုနှစ်ရက်တာ အစည်းအဝေးတွင် ပြီးခဲ့သည့် နှစ်ဖက်ညှိနှိုင်း အစည်းအဝေးမှ ချန်ထားခဲ့သည့် ဆက်လက်ညှိနှိုင်းရန် အချက်များကို သဘောတူညီချက် ရရှိရန် ညှိနှိုင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း။

သြဂုတ် ၁ဝ နှင့် ၁၁ ရက်တို့၌ ကျင်းပမည့် JICM  အစည်းအဝေး ပြင်ဆင်ရေး အစည်းအဝေးမှတစ်ဆင့် သြဂုတ် ၁၃ ရက်တွင် ကျင်းပမည့် JICM အစည်းအဝေးတွင် နှစ်ဖက်ညှိနှိုင်းရေး အဖွဲ့များ၏ အစည်းအဝေး ရလဒ်ဖြစ်သည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)တွင် ထည့်သွင်းချုပ်ဆိုမည့် အကြောင်းအရာများကို နှစ်ဖက်ခေါင်းဆောင် အကြီးအကဲများက အပြီးသတ် အတည်ပြုပေးသွားမည်ဖြစ်ကြောင်း၊ ယခုကျင်းပသည့် နှစ်ရက်တာ ညှိနှိုင်းအစည်းအဝေးတွင် ရလဒ်ကောင်းများ ရရှိအောင် ဝိုင်းဝန်းကြိုးပမ်း ညှိနှိုင်းဆွေးနွေးပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ယနေ့အစည်းအဝေးတွင် (၈)ကြိမ်မြောက် JICMအစည်းအဝေး  ဆုံးဖြတ်ချက်များအကောင်အထည်ဖော်ရေး အတွက် နှစ်ဖက်အဆိုပြုချက်များ၊ NCAအကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်၊ ၂ဝ၂ဝ ပြည့်နှစ်အလွန် အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်များ၊ အဆင့်လိုက် အကောင်အထည်ဖော်မှုများ၊ အခြေခံမူ သဘောတူညီချက်များကို ဆွေးနွေးကြသည်။

ယခုအစည်းအဝေးကို သြဂုတ် ၅ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။