တပ်မတော်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူ ပြုပစ္စည်းများနှင့် အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်းလျက်ရှိ
နေပြည်တော်၊ ဇူလိုင် - ၁၆
လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှု မြင့်တက် လျက်ရှိပြီး ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာ များတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သား ဆရာဝန် များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိပြီး ထိုသို့ဆောင်ရွက်ပေးရာတွင် အထောက်အကူဖြစ်စေရန် အတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ၊ အောက်ဆီဂျင်အိုးများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တပ်မတော်က သွားရောက်ထောက်ပံ့လှူ ဒါန်းပေးလျက်ရှိသည်။
ထိုသို့ ပေးအပ်လှူဒါန်းလျက်ရှိရာ ဇူလိုင် ၁ ရက်မှ ယနေ့အထိ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေး ဌာနများ၊ ကိုဗစ်စင်တာများ၊ ဘာသာရေးကျောင်းများ၊ စာသင်ကျောင်းများနှင့် ဒေသခံပြည်သူလူထုများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးရှိ နယ်မြေခံ တပ်မတော်သားများက အောက်ဆီဂျင်အိုး ၅၆၆ လုံး၊ Surgical Mask ၂၈၀၁၆၂ ခု၊ Personal Protective Equipment(PPE)ဝတ်စုံ ၁၀ စုံ၊ Hand Gel ၄၇၉ ဘူး၊ Face Shield ၁၅၀ ခု၊ လက်ဆေးဆပ်ပြာရည် ၄ ပုံး၊ လက်အိတ် Surgical Gloves ၁၀၀ ခု၊ စက်သုံးဆီများ၊ အဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် အလှူငွေများကို သွားရောက် ပေးအပ် လှူဒါန်းနိုင်ခဲ့ကြောင်းနှင့် ဆက်လက်ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အလားတူ တပ်မတော်က ဆောင်ရွက်ပေးလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ စေတနာရှင် အလှူရှင်များကလည်း သက်ဆိုင်ရာနယ်မြေများ အလိုက် ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ အဟာရဖြည့်စားသောက် ဖွယ်ရာများနှင့် အလှူငွေများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးသို့ လာရောက်လှူဒါန်းလျက်ရှိရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ် တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။