ပြည်ပစွက်ဖက်မှု လုံးဝလက်မခံပါ

ပြည်ပစွက်ဖက်မှု လုံးဝလက်မခံပါ

ပြည်ပစွက်ဖက်မှုဆိုသည်မှာ မိမိတို့နိုင်ငံ၏ ပြည်တွင်းရေး မတည်မငြိမ်ဖြစ်အောင်၊ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာဆုံးရှုံးအောင် လုပ်ဆောင်နေခြင်းကိုဆိုလိုသည်။ သာမန်ကူးသန်းရောင်းဝယ်ခြင်း၊ မြန်မာတို့အပေါ် ကောင်းသော အကူအညီပေးခြင်းမျိုးကို ဆိုလိုခြင်းမဟုတ်ပါ။  ပြည်ပစွက်ဖက်မှုခံနေရခြင်းကို လေ့လာကြည့်လျှင်  မိမိနိုင်ငံအတွင်း ပြည်ပအားကိုး ပုဆိန်ရိုးများရှိနေ၍ဖြစ်သည်။ မြန်မာနိုင်ငံတွင် အင်အားတောင့်တင်း ခိုင်မာသော  အစိုးရတစ်ရပ်ရှိနေသည့်အခါ ပြည်ပစွက်ဖက်မှုများကိုတားဆီးနိုင်သည်။ ပြည်ပစွက်ဖက်မှု ဆိုသည်မှာလည်း  နည်းမျိုးစုံသုံး၍ စွက်ဖက်မှုပြုလုပ်နေခြင်းဖြစ်သည်။ ယဉ်ကျေးမှုအရ ဘာသာကြီးတစ်ခုတည်းက ကြီးစိုးနေခြင်းမျိုးကို မလိုလားဟူ၍ လည်းကောင်း၊ ဒီနေ့ခေတ်တွင် မျိုးချစ်စိတ်ဓာတ် မလိုအပ်ဟူ၍လည်းကောင်း ပြောဆို လုပ်ကိုင်ခိုင်းစေခြင်းဖြစ်သည်။

ထိုမှတစ်ဆင့်တက်ကာ ၎င်းတို့ဖြစ်စေချင်သော လမ်းကြောင်းကို ခင်းပေးထားခြင်း ဖြစ်သည်။ မြန်မာအစိုးရ အဆက်ဆက်တို့သည် ရခိုင်ပြည်နယ်အတွင်းသို့ ခိုးဝင် နေထိုင်သော ဘင်္ဂါလီများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသာ ဖြစ်သည်ဟု လက်ခံထားသည်။ အထူးသဖြင့် ၎င်းတို့တောင်းဆိုနေသော လူမျိုးတစ်မျိုးအမည်ကို မြန်မာတို့လုံးဝလက်ခံခြင်းမရှိခဲ့ပါ။ မျိုးချစ်စိတ်ကင်းမဲ့သော အစိုးရတစ်ရပ်လက်ထက်တွင် ထိုအရေးကိစ္စကို

ကမ္ဘာ့အရေးသဖွယ်ဖြစ်အောင် လုပ်ပေးခဲ့သည်။ ထိုအမည်ကိုပင် အစိုးရကိုယ်တိုင်က ပြောဆိုသုံးစွဲမှုပြုလာခဲ့သည်။ နေဇင်လတ်၏ “တစ်မွန်းတည့်နိုင်ငံရေး” စာအုပ်တွင် NLD ၏ ငါးနှစ်သက်တမ်းသည် မြန်မာနိုင်ငံအတွက် လွန်စွာခါးသီးခဲ့ပြီး အလွန်ဘေးအန္တရာယ် ကြီးမားခဲ့သည်။ မြန်မာနိုင်ငံသည် စနစ်တကျဖျက်ဆီးခြင်းခံလိုက်ရသည်။ ကံကြီးသော ဗုဒ္ဓဘာသာ၏ နောက်ဆုံးခံတပ်ဖြစ်သော မြန်မာသည် ကံကောင်းထောက်မစွာ ပြိုလဲနိုင်ငံ အဖြစ်မှ လွတ်ကင်းခဲ့ပါ၏ဟူ၍ ဖော်ပြထားသည်။

အဆိုပါ ငါးနှစ်တာကာလ၏ ဆိုးကျိုးများစွာထဲက တစ်ခုပေါ်လာပြန်သည်။ ဂျီနီဗာမြို့၌ ကျင်းပခဲ့သော လူ့အခွင့်အရေးကောင်စီ၏ (၄၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလ အတွင်း ၁၂-၇-၂၀၂၁ ရက်တွင် အိုအိုင်စီက တင်သွင်းသည့် “ရိုဟင်ဂျာ” ဆိုသူ မွတ်စလင်များနှင့် အခြားသောလူနည်းစုများ၏ အခွင့်အရေးအခြေအနေနှင့် ပတ်သက်၍ အဆိုတစ်ရပ်ကို သက်ဆိုင်ရာ မြန်မာနိုင်ငံမပါဝင်ဘဲ အတည်ပြုဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက လေ့လာတွေ့ရှိရသည်။

ယင်းဆုံးဖြတ်ချက်အဆိုသည် မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးများအဖြစ် အသိအမှတ် ပြုထားခြင်းမရှိသော ရိုဟင်ဂျာဆိုသူများနှင့် ပတ်သက်၍ အဓိကဖော်ပြထားသည်။ ထို့ပြင် မမှန်ကန်သောသတင်းဌာနများ၊ တစ်ဖက်သတ် စွပ်စွဲချက်များကိုအခြေခံထားကြောင်းနှင့်  မြန်မာနိုင်ငံက အသိအမှတ်ပြု လက်ခံထားခြင်းမရှိသော မြန်မာနိုင်ငံလူ့အခွင့်အရေး ဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်း စစ်ဆေးရေး ယန္တရားနှင့် အချက်အလက်ရှာဖွေရေးအဖွဲ့ စသည့်နိုင်ငံတကာယန္တရားများ၏ အခန်းကဏ္ဍများကို အလေးပေး ထားကြောင်းလည်း တွေ့ရှိရသည်။

မြန်မာနိုင်ငံအနေဖြင့် အဆိုတစ်ခုလုံးနှင့် ယင်းအပေါ် ဆွေးနွေးမှုများကို ကန့်ကွက်ပယ်ချ သည်။ ထို့ပြင် နိုင်ငံရေးရည်မှန်းချက်များဖြင့် တီထွင်ဖန်တီးထားသည့် “ရိုဟင်ဂျာ” ဟူသည့် အသုံးအနှုန်းကိုလည်း မြန်မာအစိုးရနှင့် ပြည်သူများက အသိအမှတ်ပြုခြင်း မရှိဘဲပယ်ချသည်။ မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စနှင့်စပ်လျဉ်း၍  အားလုံး ပါဝင်သည့် အလုံးစုံချဉ်းကပ်မှုပုံစံမျိုးဖြင့် ဆောင်ရွက်လျက်ရှိသည်။ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံ ရေးနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံ သဘောတူညီချက် များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်။ နိုင်ငံသားဖြစ်မှုစိစစ်ခြင်းနှင့်ပတ်သက်၍ ၁၉၈၂ ခုနှစ်  နိုင်ငံသားဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်။ ဆုံးဖြတ်ချက်အဆို (မူကြမ်း) ကို တရုတ်နိုင်ငံနှင့် ရုရုားနိုင်ငံတို့ကလည်း သဘောမတူမထောက်ခံကြောင်း ပြောကြားခဲ့ သည်။

ဤသည်မှာ ဇူလိုင် ၁၅ ရက်နေ့သတင်းစာများတွင် ဖော်ပြပါရှိသော နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ မြန်မာနိုင်ငံက အိုအိုင်စီမှတင်သွင်းသည့် အဆို(မူကြမ်း)အား လက်မခံ ပယ်ချကြောင်း သတင်းထုတ်ပြန်ချက်မှ ကောက်နုတ်တင်ပြခြင်းဖြစ်သည်။ ရိုဟင်ဂျာ ဟူသော အမည်ကြားတိုင်း ရခိုင်ပြည်နယ်တွင် ဟိန္ဒူအမျိုးသား ၁၀၆ ဦး အသတ်ခံရပြီး မိန်းကလေးရှစ်ဦးကို ဖမ်းဆီးကာမုဒိမ်းကျင့်သည်။ အစ္စလာမ်ဘာသာသို့ အတင်းပြောင်း ခိုင်းပြီး ဘင်္ဂလားဒေ့ရှ်ကို ပို့လိုက်သောဖြစ်ရပ်များကို မြန်မာတို့ရင်ထဲတွင် ဘယ်သော အခါမှ ကွယ်ပျောက်သွား မည်မဟုတ်ပါ။

မြန်မာ့သမိုင်းကို ပြန်ပြောင်းလေ့လာလျှင် ပြည်ပစွက်ဖက်မှုသည်  မြန်မာ့သမိုင်းစဉ် တစ်လျှောက်ရှိခဲ့သည်။ အနော်ရထာမင်းလက်ထက်၊ ဘုရင့်နောင်မင်းတရားကြီး လက်ထက်၊ အလောင်းမင်းတရားကြီးလက်ထက်တွင်  ပြည်ပစွက်ဖက်မှုကို ချေမှုန်း သုတ်သင်ပြီး တစ်နိုင်ငံလုံးကို စုစည်းသိမ်းသွင်းနိုင်ခဲ့သည်။ ကုန်းဘောင်ခေတ်နှောင်းပိုင်း တွင် ပြည်ပစွက်ဖက်မှုများကို တားဆီးချေမှုန်းနိုင်ခြင်း မရှိခဲ့မှုကြောင့် မြန်မာတို့ လွတ်လပ်ရေး ဆုံးရှုံးခဲ့ရသည်။

ဤသည်ကိုသတိမူလျက် ပြည်ပစွက်ဖက်မှုကို လုံးဝ(လုံးဝ)လက်မခံကြောင်း ရေးသား လိုက်ရပေသည်။  ။