ရန်ကုန် စက်တင်ဘာ ၂
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ရန်ကုန်-ကိုကိုးကျွန်း ပထမအခေါက် ခရီးစဉ်ကို သူရိယစန္ဒာဝင်း ကုမ္ပဏီပိုင် MV. CHARITES ရေယာဉ်ဖြင့် ယနေ့ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ ဗိုလ်အောင်ကျော် ဆိပ်ကမ်းမှ စတင်ထွက်ခွာ သွားခဲ့သည်။
ယင်းခရီးစဉ်တွင် ရေယာဉ်ဝန်ထမ်း ၁၃ ဦးအပါအဝင် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ ဝန်ထမ်းမိသားစု သုံးဦး၊ မီးလင်းရေး စီမံချက်အတွက် ကုမ္ပဏီဝန်ထမ်း ၄၃ ဦးနှင့် ခရီးသည် ၂ဝ ဦး စုစုပေါင်း ၆၆ ဦး တို့လိုက်ပါသွားကြသည်။ ခရီးစဉ်တွင် လိုက်ပါမည့်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီ Coronavirus Disease 2019 (COVID - 19)နှင့်ပတ်သက်၍ နှစ်ရက် ကြိုတင်ကာ သတ်မှတ်ထားသော Quaran-tine Center တွင် ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။
ထို့အတူ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ရန်ကုန်တိုင်း တစ်တိုင်းလုံး မီးလင်းရေး စီမံချက်အရ ကိုကိုးကျွန်းမြို့နယ်သို့ ၂၄ နာရီ မီးလင်းရေး စီမံကိန်းအတွက် YESC က ပို့ဆောင်သည့် စုစုပေါင်း (၈၃၁ ဒသမ ၅)တန်ရှိ ဓာတ်တိုင်များ၊ ဆိုလာများနှင့် ဆက်စပ်ပစ္စည်းများ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသည့် လူနာတင် မော်တော်ယာဉ်နှစ်စီးနှင့် မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်းဆိုင်ရာအတွက် မော်တော်ယာဉ် လေးစီး စုစုပေါင်း မော်တော်ယာဉ် ခြောက်စီးတို့အား သယ်ဆောင်သွားခဲ့သည်။
အဆိုပါထွက်ခွာရာသို့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်နှင့် အစိုးရအဖွဲ့ဝင်များ၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာမှ တာဝန် ရှိသူများက ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။