အမျိုးသားရေးကိစ္စ ပူးပေါင်းပါဝင်ကြ

အမျိုးသားရေးကိစ္စ ပူးပေါင်းပါဝင်ကြ

ကမ္ဘာ့လူသားတို့၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသော ကိုဗစ်-၁၉ ရောဂါသည် လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းအဖြစ် ကူးစက်မှုမြင့်မားလျက်ရှိသည်။ ရောဂါ မျိုးရိုးဗီဇပြောင်းလဲမှုမှာလည်း နှစ်မျိုး၊ သုံးမျိုးကွဲပြားလျက်ရှိသည်။ ကူးစက်ပြန့်ပွားမှုနှုန်းအနေဖြင့်လည်း ၂ ဆမှ ၄ ဆ၊ ၄ ဆမှ ၈ ဆအထိ မြန်ဆန်လျက်ရှိနေသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးသည် နိုင်ငံသားအားလုံး၏ အမျိုးသား ရေးကိစ္စတစ်ရပ်ဖြစ်လာသည်။ နိုင်ငံတော်၊ တပ်မတော်နှင့် ပြည်သူတစ်ရပ်လုံးဟန်ချက်ညီညီ ပူးပေါင်းကာကွယ်နိုင်ကြမှသာ ရောဂါကူးစက်မှု လျော့နည်းမည်ဖြစ်သည်။ မိမိတစ်ယောက်ပေါ့မှုကြောင့် အခြားသူများသို့ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားအောင် တတ်နိုင်သရွေ့မိမိအိမ်တွင်သာနေပါ။ အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်ပါ။ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာ နေပါ။ လက်ကိုစက္ကန့် ၂၀ကြာ မကြာခဏစနစ်တကျဆေးကြောပါ။ လေဝင်/လေထွက် မကောင်းသောအခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံးရှောင်ကြဉ်ပါ။ ရောဂါကာကွယ်ရေး နည်းလမ်းများကို အချင်းချင်းအသိပေးပါ၊  သတိပေးပါ။ ဤသည်မှာ နေ့စဉ်ကြားသိနေရသော ပညာပေးစကားများဖြစ်သည်။

ကျန်းမာရေးဆိုင်ရာ ပညာပေးမှုများကို ရုပ်မြင်သံကြား၊ ရေဒီယိုထုတ်လွှင့်သည်သာမက လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ခေါင်းစည်းများဖြန့်ဝေခြင်းများဆောင်ရွက်ပေးမှုကြောင့် ပြည်သူလူထုအနေဖြင့် လိုက်နာမှုအားကောင်းလာသည်။ အများနှင့်ဆိုင်သော နေရာများ၊ လုပ်ငန်းခွင်များသို့ သွားလာမှုများ သိသိသာသာ လျော့ကျလာသည်။ တစ်ဦးချင်း ကိုယ်စီအသိစိတ်ဖြင့် သွားလာနေထိုင်မှုသည် ရောဂါကာကွယ်ရေးအတွက် လွန်စွာ အရေးပါလှသည်။ တစ်ဦးချင်းမှသည် စုပေါင်းထိန်းသိမ်းဆောင်ရွက်နိုင်မည်ဆိုလျှင် ရောဂါသည် လျော့နည်းကျဆင်းသွားပေမည်။

မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသည်မှာ သတင်းအမှားများဖြန့်ဝေခြင်း၊ အခြေအမြစ် မရှိသော ကောလာဟလများ ထုတ်လွှင့်ခြင်းများကြောင့် လေ့လာမှုအားနည်းသော ပြည်သူများ စိုးရိမ်ပူပန်မှုဖြစ်နေသည်။ လူသားတို့၏ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေ ရသောအခြေအနေတွင် ထိုသို့သော အဖျက်လုပ်ရပ်များကိုရှောင်ကြဉ်သင့်ပေသည်။ မြောက်ဥက္ကလာပဆေးရုံတွင် အောက်ဆီဂျင် ပိုက်လိုင်းများဖျက်ဆီးခံရခြင်း၊ ဟုမ္မလင်း ဆေးရုံတွင် အကြောင်းမဲ့လုပ်ငန်းခွင်ပျက်ကွက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းအချို့က အောက်ဆီဂျင်အိုးများ သိုဝှက်ထားခဲ့ခြင်းလုပ်ရပ်များသည် အတွေးအခေါ်မဲ့ပြီး စာနာမှု ကင်းမဲ့သော လုပ်ရပ်များဖြစ်ပေသည်။ ပြည်သူလူထုကျန်းမာရေးကို ထိခိုက်အောင် ပြုလုပ်ခြင်းဖြစ်သည်။

နိုင်ငံတော်အစိုးရကိုပုန်ကန်ပြီး နိုင်ငံတော်အပေါ် သစ္စာဖောက်နေသူများသည် ဒေါ်လာ ငွေကြေးသန်းပေါင်းများစွာရရှိထားပြီး ပြည်ပနိုင်ငံအချို့တွင် ခိုလှုံနေထိုင်ကာ မြန်မာနိုင်ငံရှိ လူသားတို့ပျက်စီးရေးကို ဦးတည်လုပ်ဆောင်နေလျက်ရှိသည်။ ထိုသူများ လွှင့်ထုတ်နေသော သတင်းအမှားများကို ယုံကြည်နေလျှင် ယုံကြည်မိသူအတွက် ဒုက္ခကြုံတွေ့ရုံမှလွဲ၍ ကောင်းကျိုးလုံးဝမရှိနိုင်ပါ။ အချို့သော ဝန်ထမ်းများသည် မသမာသူများ ထုတ်လွှင့်သောသတင်းအမှားကို အမှန်ထင်ကာစိတ်လိုက်မာန်ပါ သူများ ဆွဲဆောင်ရာနောက်ပါသွားပြီး CDM လုပ်ဆောင်မိကြသည်။ လက်တွေ့မြေပြင် အခြေအနေတွင် CDM သမားများမှာ မည်သူ့ထံမှ ငွေကြေးထောက်ပံ့မှုမရဘဲ အခက်ကြုံ နေကြရသည်။ ကိုဗစ်-၁၉ ဖြစ်ပွားနေချိန်တွင် ပြည်သူများကိုကူညီရန် ကျန်းမာရေးဆိုင်ရာ ပုဂ္ဂိုလ်များလိုအပ်နေသည်။

ထို့ကြောင့် နိုင်ငံတော်အကြီးအကဲက ဇူလိုင် ၂၃ ရက်က ကျင်းပခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် ကျန်းမာရေး ဆိုင်ရာပုဂ္ဂိုလ်များနှင့် ပတ်သက်၍ “ကျွန်တော်လည်း အကြိမ်ကြိမ်အခါခါ ဖိတ်ခေါ်တယ်။ ခင်ဗျားတို့လာကြပါ။ ဒါလူမှုရေးကိစ္စ ဖြစ်တယ်။ နိုင်ငံ့အရေးကိစ္စဖြစ်တယ်။ အမျိုးသားရေးကိစ္စဖြစ်တယ်။  ကူညီရအောင် ပြောတယ်။  တချို့လည်းလာကြတာ ရှိတယ်။ တချို့လည်းအကြောင်း အမျိုးမျိုးကြောင့် မလာနိုင်တာလည်းရှိပါတယ်။ ကျွန်တော်ထပ်ပြီး  မေတ္တာရပ်ခံပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီးတော့ ကျန်းမာရေးဆိုင်ရာ ပုဂ္ဂိုလ်အားလုံး တစ်နိုင်ငံလုံးပူးပေါင်း ဆောင်ရွက်ကြဖို့ပြောလိုတယ်” ဟူ၍ ပြောကြားခဲ့ သည်။

ကိုဗစ်-၁၉ ရောဂါပိုးသည်  လူအချင်းချင်း  ကူးစက်ခြင်းဖြစ်သည့်အတွက် ရောဂါ ကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရန် အခြေခံပညာ ကျောင်းများကို ရက်သတ္တနှစ်ပတ်ဆက်လက်၍ ယာယီပိတ်ထားပေးသည့်အပြင် အများပြည်သူ အလုပ်ပိတ်ရက်များကိုလည်း (ထူးခြားသည့်အခြေအနေအရ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့်ယင်း၏ လက်အောက်ခံအစိုးရဘဏ်၊ ပုဂ္ဂလိကဘဏ် များမှအပ) တိုးမြှင့် သတ်မှတ်ပေးထားသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးသည် ပြည်သူများ၏ အမျိုးသား ရေးကိစ္စဖြစ်သည့်အတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် မိမိတို့တတ်စွမ်းသည့်နေရာမှ ပါဝင်ကူညီကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။