သက်ဝင်ယုံကြည်မှုနှင့်သတင်းကောင်း
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ရောက်ရှိလာသော သတင်းများသည် ဝမ်းသာအားတက်ဖွယ် သတင်းကောင်းများ ဖြစ်သည်။ လူတိုင်းသည် သတင်းကောင်းကို မျှော်လင့်သည်။ သတင်းကောင်းကိုသာ ကြားသိလိုကြသည်။ နေ့စဉ်ထုတ်ပြန်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သော သတင်းများတွင် ကူးစက်မှုနှုန်းလျော့နည်းသွားလျှင် ဝမ်းသာသလို ကူးစက်မှုနှုန်း မြင့်တက်နေလျှင် စိတ်မချမ်းသာတော့ပါ။ ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းသူ အရေအတွက် များပြားလာလျှင် လွန်စွာသဘောကျပါသည်။ သေဆုံးသွားသည့် အမင်္ဂလာ သတင်းမျိုးကို မကြားလိုကြပါ။
မြန်မာနိုင်ငံသည် ဇမ္ဗူဒီပါလကျ်ာတောင်ကျွန်း သြဘာနိမိတ်ထွန်းသည့် နိုင်ငံဖြစ်သည်။ ရှေးကလူကြီးများသည် အမင်္ဂလာဖြစ်စေသောစကားများ၊ အပြုအမူများကို ရှောင်ရှားလေ့ ရှိသည်။ မည်သို့ပင်ဆင်းရဲနေသော်လည်း မရှိဟူသောစကားသုံးနှုန်းခြင်းမျိုးကို ရှောင်ရှား လေ့ရှိသည်။ စကားနောက်တရားပါတတ်၍ မရှိစကားပြောနေလျှင် မရှိဘဲနေတတ်သည်။ ရှေးထုံးစဉ်လာများကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာလျှင်လေ့လာ၍ မဆုံးနိုင်အောင်ပင် ဖြစ်သည်။ ရှေးအစဉ်အလာအရ မဟာဂီတသီချင်းများကို လေ့လာကြည့်လျှင် အလှူမင်္ဂလာ အခမ်းအနားတွင် သီဆိုရသောသီချင်း၊ အမင်္ဂလာတွင် သီဆိုရသောသီချင်း ဟူ၍ ခွဲခွဲခြားခြားရှိသည်။
တီးလုံးတီးကွက်များသည်လည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။ ရွာတစ်ရွာ သို့မဟုတ် ရပ်ကွက်တစ်ခုတွင် ဆိုင်းဝိုင်းတစ်ခုတီးသံကို အဝေးကနေကြားလိုက်ရသည်နှင့် ဤရွာ တွင်အလှူပွဲရှိသည် သို့မဟုတ် နာရေးပွဲရှိသည်ဟူ၍ ဆိုင်းသံကိုနားထောင်၍ သိနိုင်သည်။ သီချင်း၊ တီးလုံးကို နားဖြင့်ကြားလိုက်သည်နှင့် ပြေးကြည့်စရာ မလိုလောက်အောင် အမှန်ကိုပြောဆိုနိုင်သည်။ ဆိုလိုသည်မှာ မြန်မာတို့သည် သူ့နေရာနှင့်သူ အံဝင်ခွင်ကျစီမံ ထားကြသည်မှာ ရှေးအစဉ်အလာဓလေ့ဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးအပြောင်းအလဲဖြစ်သည်။ ဖြစ်ရပ်မှန်ကို မလေ့လာဘဲ အာဏာမဲ့သွားသောပါတီဝင်နှင့် ထိုပါတီကို ထောက်ခံသူ တို့သည် အတိတ်ကောင်းနိမိတ်ကောင်းမဟုတ်သော သံပုံးတီးခြင်းကိုစတင်ပြုလုပ်သည်။ သံပုံးတီးရန်လှုံ့ဆော်သူက မြန်မာ့ယဉ်ကျေးမှုကို ထဲထဲဝင်ဝင် နားလည်သူမဟုတ်သလို လိုက်ပါတီးနေသူများကလည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။ လှုံ့ဆော်သူတို့တွင် ကြီးမားသော အကြံအစည်ရှိသည်။ ၎င်းတို့ တီးခိုင်းသောအချိန်သည် ည ၈ နာရီဖြစ်သည်။ ည ၈ နာရီဆိုသည်မှာ နိုင်ငံပိုင်ရုပ်မြင်သံကြားများမှ သတင်းများစတင်ထုတ်လွှင့်နေသော အချိန်ဖြစ်သည်။
တစ်ချက်ခုတ်နှစ်ချက်ပြတ်ဆိုသကဲ့သို့ ပါတီဝင်များနှင့် ပါတီထောက်ခံသူများအနေဖြင့် သတင်းအမှန်မသိရှိစေရန် ကြံရွယ်လုပ်ဆောင်စေခြင်းဖြစ်သည်။ သံပုံးတီးရခြင်းသည် မကောင်းဆိုးဝါးများကို နှင်ထုတ်ခြင်းဖြစ်သည်။ များမကြာမီတွင် ထိုစေခိုင်းသူတို့သည် နိုင်ငံအတွင်းမှ ထွက်ပြေးသွားကြရသည်။ အကြမ်းဖက်အဖွဲ့အစည်းဖြစ်သွားကြသည်။ တောထဲတောင်ထဲ ရောက်သွားကြသည်။ ဤသည်မှာ မလုပ်ကောင်းသောလုပ်ရပ်ကို လုပ်ဆောင်ခြင်းကြောင့်ဖြစ်ကြောင်း သက်ရွယ်ကြီးသူများကပြောကြသည်။ အမျိုးသမီး လုံချည်များနှင့် ထေရ်ကြီးဝါကြီးဆရာတော်တစ်ပါး၏ ပုံများကို ပူးတွဲကပ်ချုပ်ကာ လူသွားလမ်းများ၏ အမြင့်ဆုံးနေရာတွင် ချိတ်ဆွဲထားခြင်း၊ လူသေအလောင်း ပုံသဏ္ဌာန်များ ပြုလုပ်ကာခေါင်းပေါ်ရွက်ခြင်း စသည်ဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့် လုံးဝဆန့်ကျင်သည့် အပြုအမူများ ပြုလုပ်ခဲ့ကြသည်။ ဘာသာခြားတို့က ငွေပေး၍စေခိုင်း သည်။ အသိမဲ့နလပိန်းတုံးများက လုပ်ဆောင်ပေးသည်။
အတိတ်ကောင်း၊ နိမိတ်ကောင်းနှင့်နေထိုင်ကြသော မြန်မာနိုင်ငံသည် မသမာသူများ ကြောင့် ယဉ်ကျေးမှုတန်ဖိုး ကျဆင်းလာခဲ့သလို ထိုအပြုအမူများ၏ အကျိုးဆက်သည် ယခုအခါ ကိုဗစ်-၁၉ တတိယလှိုင်းပြင်းပြင်း ထန်ထန်ဖြစ်ပွားလာခြင်းဖြစ်သည်။ မကောင်းသော အပြုအမူများကြောင့် မကောင်းသောအဖြစ်အပျက်များ ဖြစ်လာခြင်း ဖြစ်သည်။ သေဆုံးမှုမြင့်မားနေခြင်းသည် အခေါင်းထမ်းကာဆန္ဒပြခဲ့သော အပြုအမူဆိုး ကြောင့်ဖြစ်သည်။ ဗုဒ္ဓဘာသာသက်ဝင်ယုံကြည်မှုအများဆုံးနိုင်ငံတွင် မိမိမယုံကြည်လျှင် မယုံကြည်သလိုနေသင့်ကြသည်။ သူတစ်ပါးယုံကြည်မှုကို မစော်ကားသင့်လှပေ။
မြန်မာနိုင်ငံတွင် သီတင်းသုံးနေကြသော ရဟန်းသံဃာများမှာ ဘုရားရှင်ပညတ်တော် မူခဲ့သော ဝိနည်းတရားတော် အကျဉ်းအားဖြင့် နှစ်ရာ့နှစ်ဆယ်ခုနစ်သွယ်၊ အကျယ်အားဖြင့် ကုဋေကိုးထောင့်တစ်ရာရှစ်ဆယ့် ငါးသိန်းသုံးသောင်းခြောက်ထောင်ကို လိုက်နာကျင့်ကြံ ကြရပါသည်။ အဆိုပါ ဆရာတော်သံဃာတော်များ ရွတ်ပွားသော ပရိတ်များသည် အစွမ်းထက်ပါသည်။ ပြည်သူများအနေဖြင့် မေတ္တသုတ်၊ ရတနသုတ်တော်များ ရွတ်ပွား ကြရန် နှိုးဆော်နေခြင်းသည် ရောဂါအန္တရာယ်မှ ကင်းဝေးစေလို၍ဖြစ်သည်။ အနှစ်ချုပ် ဆိုရလျှင် နိုင်ငံတော်အတွင်း သတင်းကောင်းများကို ကြားသိမြင်တွေ့လို၍ တိုက်တွန်း နေခြင်းသာဖြစ်ပေရာ မိမိမယုံကြည်လျှင်နေပါ။ ယုံကြည်သက်ဝင်သူများကိုမူ အနှောင့်အယှက် မပေးသင့်ကြောင်း ရေးသားလိုက်ရပေသည်။ ။