စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၌ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များ လုပ်ဆောင်ရန် လက်လုပ်မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ အမျိုးသား ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၌ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များ လုပ်ဆောင်ရန် လက်လုပ်မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ အမျိုးသား ၁ ဦးသေဆုံး

နေပြည်တော်၊ ဩဂုတ် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၌ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များ လုပ်ဆောင်ရန် လက်လုပ်မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ အမျိုးသား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 ဖြစ်စဉ်မှာ ဩဂုတ်လ ၁၅ ရက်နေ့ ည ၈ နာရီအချိန်တွင် ကလေးမြို့၊ စုပေါင်းရုံး၏ အနီး အရှေ့မြောက်ထောင့်လမ်းကြားဘက်မှ ပေါက်ကွဲသံကြားရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ညောင်ပင်သာရပ်၊ အိမ်အမှတ်(၂၇/၄)တွင် အိမ်ငှားနေထိုင်သူ ဇော်ရဲအောင် (စိစစ်ဆဲ)သည် အဆိုပါခြံဝင်းအတွင်း၌ အကြမ်းဖက်ဖေက်ခွဲရေးလုပ်ရပ်များ ပြုလုပ်ရန်အတွက် လက်လုပ်မိုင်းအား တပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ ၎င်း၏ ယာလက်မောင်း၊ ဝမ်းဗိုက်နှင့် အောက်ပိုင်း ပြတ်ထွက်ဒဏ်ရာများဖြင့် သေဆုံးနေပြီး ၎င်း၏အနီးမှ ပေါက်ကွဲထားသည့် Keypad ဖုန်းနှင့် PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်းအပိုင်းအစများအား တွေ့ရှိသိမ်းဆည်းရရှိခဲ့ ပါသည်။

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ၎င်းငှားရမ်းနေထိုင်သော နေအိမ်အတွင်း ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ PVC ပိုက်ဖြင့် ပြုလုပ်ထားပြီး Keypad ဖုန်းဖြင့် ချိတ်ဆက် ပြုလုပ်ထားသည့် လက်လုပ်မိုင်း တစ်လုံး၊ ဆားကစ်ပြား၊ ဝါယာကြိုးတို့ဖြင့် ချိတ်ဆက်ထားသည့် Keypad ဖုန်း ၇ လုံးနှင့် အခြားဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရရှိခဲ့သည်။

 ထို့နောက်လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လက်လုပ်မိုင်းတပ်ဆင်ရာမှ ပေါက်ကွဲမှုဖြစ်ပွား၍ သေဆုံးခဲ့သည့် ဇော်ရဲအောင်၏ အလောင်းအား ရဲလုပ်ငန်းများနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရေး ကလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိခဲ့ပြီး ပူးပေါင်းပါဝင် ပတ်သက်သူများအား ဖော်ထုတ်အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။