တရုတ်ဝယ်လက်များ စတင်ဝယ်ယူလာသောကြောင့် နှမ်းနက်(စမုန်) ဈေးနှုန်း အနည်းငယ် မြင့်တက်လာ
ပြည်တွင်းမှထွက်ရှိသည့် နှမ်းနက်(စမုန်)များကို တရုတ်ဝယ်လက်များ စတင်ဝယ်ယူလာသောကြောင့် ဈေးနှုန်းအနည်းငယ် မြင့်တက်လာကြောင်း မန္တလေးတိုင်း ဒေသကြီး ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးညွန့်ဝေ၏ ပြောပြချက်အရ သိရသည်။
လက်ရှိအချိန်ထိ တရုတ်နိုင်ငံသို့ နှမ်းနက်(စမုန်)တင်ပို့နိုင်ခြင်း မရှိသေးသော်လည်း တရုတ်ဝယ်လက် တချို့မှ စတင်ဝယ်ယူမှု ပြုလုပ်လာခြင်းဖြစ်သည်။
''တရုတ်ဝယ်လက်က ပစ္စည်းကောင်းတာတွေကို အနည်းငယ် ဝယ်ယူလာပါတယ်။ ငွေရှိတဲ့သူတွေက ဝယ်ယူစုဆောင်းထားကြတာပါ''ဟု ဦးညွန့်ဝေ ကပြောသည်။
ယခင်က နှမ်းနက်(စမုန်) သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁ဝ၅ဝဝဝ ရှိခဲ့ရာမှ ယခု ငွေကျပ် ၁၁၅ဝဝဝ အထိ ဈေးနှုန်း မြင့်တက်လာသည်။
တရုတ်နိုင်ငံ၌ ကုန်ချော(နှမ်း)များ ရောင်းကုန်နေပြီဖြစ်၍ မြန်မာ့နှမ်း(ကုန်ကြမ်း) ဝယ်ယူစုဆောင်းမှု ရှိနေခြင်းဖြစ်ကြောင်း၊ ပြည်တွင်းမှ ထွက်ရှိသည့်နှမ်းကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့လေ့ရှိပြီး ဂျပန်နှင့်တောင်ကိုရီးယား နိုင်ငံတို့သို့လည်း တင်ပို့လေ့ရှိကြောင်း သိရသည်။