ကရင်ပြည်နယ် ဘားအံခရိုင် ရှမ်းရွာသစ်မြို့ လမ်း ဦးစီးဌာနက ဒေသနေပြည်သူများ ရာသီမရွေး သွားလာရ လွယ်ကူစေရန်နှင့် ဒေသဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရှမ်းရွာသစ်-လှိုင်းဘွဲ့ ကားလမ်းပေါ်ရှိ ပေ ၃ဝ တံတားမြေထိန်း နံရံနှင့် ရေလမ်းကြောင်းပြုပြင်ရေး လုပ်ငန်းကို ယခုနှစ် ဧပြီလ ပထမပတ်က စတင်ဆောင်ရွက်ရာ ယခုအချိန်တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းတွင် လှိုင်းဘွဲ့-ရှမ်းရွာသစ် ကားလမ်းပေါ်ရှိ မိုင်တိုင်အမှတ် (၃၅/ဝ)နှင့် (၃၅/၂)ကြားရှိ ၆/၂၂ ပေ ၃ဝ တံတားသည် နှစ်စဉ်မိုးရာသီ ကာလတွင် တောင်ကျရေများတိုက်စားမှုကြောင့် နိမ့်ကျနေပြီး ဒေသနေပြည်သူများ သွားလာရအခက်အခဲများ ကြုံတွေ့နေကြောင်း သိရှိရ၍ ယခုဘဏ္ဍာနှစ်တွင် ကရင်ပြည်နယ် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဘားအံခရိုင် ရှမ်းရွာသစ်မြို့ လမ်းဦးစီးဌာနမှ တာဝန်ယူပြီး ပြည်နယ်အထွေထွေ ပိုလျှံခွင့်ပြု ရန်ပုံငွေကျပ် ၄၅ သန်းဖြင့် ဆောက်လုပ်လျက်ရှိရာယခုအချိန်တွင် ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးပြီဖြစ်သောကြောင့် ဒေသနေပြည်သူ များ အဆင်ပြေစွာ သွားလာနိုင်ပြီဖြစ်ကြောင်း လမ်းဦးစီးဌာနမှ မြို့အင်ဂျင်နီယာ ဦးဘိုဘိုလွင် ထံမှသိရသည်။