၂ဝ၂၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်ထုတ် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၏ Politic Magazineတွင် ခေါင်းစီးဆောင်းပါး အဖြစ်ဖော်ပြခဲ့သော နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ အိမ်စောင့်အစိုးရ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အင်တာဗျူး အစီအစဉ်
၂ဝ၂၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်တွင်ထုတ်ဝေခဲ့သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ နာမည်ကြီး နိုင်ငံရေးမဂ္ဂဇင်းတစ်ခုဖြစ်သော Politic Magazine အမှတ်စဉ်(၁၂ဝ)ကို ''ကမ္ဘာမြေငြိမ်းချမ်းရေးသည် ကမ္ဘာသူ ကမ္ဘာသားအားလုံး၏ တာဝန်ဖြစ်သည်'' အမည်ဖြင့် ထုတ်ဝေခဲ့ပါသည်။ အဆိုပါ Politic Magazine ၌ ခေါင်းစီးဆောင်းပါးအဖြစ် ရုရှားနိုင်ငံ စာပေပညာရှင်အသင်းဝင် Mrs. Tatiyana GROZMANI ရေးသားသည့် ''အမိနိုင်ငံ ပြည်သူပြည်သားတို့အတွက် ရည်ရွယ်ကာ ဆောင်ကြဉ်းခဲ့သည်'' အမည်ရှိ အင်တာဗျူးဆောင်းပါးကို ထည့်သွင်းဖော်ပြခဲ့ပါသည်။ (၎င်းဆောင်းပါးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၁၁-၈-၂ဝ၂၁ ရက်နေ့တွင် ၎င်းမဂ္ဂဇင်း၏ အင်တာဗျူး မေးခွန်းများအပေါ် ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်ကြောင်း ဖြည့်စွက်ဖော်ပြအပ်ပါသည်။)
မေး။ ဗိုလ်ချုပ်မှူးကြီးရှင့်။ ယခုလို တွေ့ဆုံမေးမြန်းခြင်း မစတင်မီ ရှေးဦးစွာ ဗိုလ်ချုပ်မှူးကြီးအနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၏ နိုင်ငံတော်ဝန်ကြီးချုပ် တာဝန်ပေးအပ် ခန့်ထားခံရခြင်းနှင့် ပတ်သက်၍ လွန်စွာဂုဏ်ယူ ဝမ်းမြောက်မိကြောင်း ပြောကြားလိုပါတယ်။ ကျွန်မအနေနဲ့ ပြီးခဲ့သော တွေ့ဆုံမှုများကတည်းက ဗိုလ်ချုပ်မှူးကြီးရဲ့ ခေါင်းဆောင်ကောင်း ပီသမှု၊ မျိုးချစ်စိတ်ဓာတ်ပြည့်ဝမှု၊ ရဲစွမ်းသတ္တိရှိမှု၊ စိတ်သဘောထားပြည့်ဝမှု၊ ပညာရည်မြင့်မားမှုနှင့် နိုင်ငံရေး အတွေးအမြင်ကြွယ်ဝကာ လိမ္မာပါးနပ်မှုရှိသော တိုင်းကျိုးပြည်ပြုသမား(State Man) တစ်ဦးဖြစ်ကြောင်း တွေ့ရှိသတ်မှတ်ပြီးကတည်းက မြန်မာနိုင်ငံရဲ့ အစိုးရအဖွဲ့ဝန်ကြီးများကို တရားမျှတ ကောင်းမွန်ပိုင်နိုင်စွာ စီမံအုပ်ချုပ်နိုင်မည့် တစ်ဦးတည်းသောသူသည် အဆွေတော် ဗိုလ်ချုပ်မှူးကြီးသာ ဖြစ်လာမည်ဆိုတာကို မိနစ်တိုင်းစက္ကန့်တိုင်း ယုံကြည်နေမိခဲ့ပါတယ်။ တရားဥပဒေအရ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အာမခံချက်အဖြစ် ရပ်တည်ခဲ့သော ဗိုလ်ချုပ်မှူးကြီးအနေဖြင့် ထိုအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ နိုင်ငံကို စစ်မှန်သော ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်တွန်းပို့နိုင်ရေး ပြည်တွင်းနိုင်ငံရေး အကျပ်အတည်းများကို ဖြေရှင်းနိုင်ရေး လက်ရှိအိမ်စောင့်အစိုးရ အဖွဲ့အနေဖြင့် ရင်ဆိုင်ကြုံနေရသော အခက်အခဲအားလုံးကို ဗိုလ်ချုပ်မှူးကြီး၏ ခေါင်းဆောင်မှုဖြင့် ကျော်လွှားနိုင်လိမ့်မည်ဟု အကြွင်းမဲ့ယုံကြည်မိပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၂ဝ ပြည့်နှစ် မော်စကိုမြို့သို့ လာရောက်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး၏ မဟာအောင်ပွဲ စစ်ရေးပြအခမ်းအနား တက်ရောက်ခဲ့တဲ့ ခရီးစဉ်မှာ ကျွန်မတို့မဂ္ဂဇင်းအတွက် ပြည့်စုံထိရောက် ကောင်းမွန်လှသော အင်တာဗျူးကို ဖြေကြားပေးခဲ့ဖူးပါတယ်။ ကျွန်မတို့ရဲ့ စာဖတ်ပရိသတ်တွေအနေနဲ့ အဲ့ဒီ အင်တာဗျူးဆောင်းပါးမှ တစ်ဆင့် မြန်မာနိုင်ငံရဲ့ သမိုင်းသစ်ပုံဖော် တိုးတက်ပြောင်းလဲနေမှုများနဲ့ နိုင်ငံအချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးအတွက် တပ်မတော်ရဲ့ အရေးပါလှတဲ့ အခန်းကဏ္ဍများကို သိရှိမှတ်သားခွင့် ရရှိခဲ့ကြပါတယ်။ အဆိုပါ ဆောင်းပါးကို ရုရှားပြည်တွင်းမှာ သာမက တစ်ကမ္ဘာလုံးရှိ ရုရှားစာဖတ်ပရိသတ်၏ စိတ်ပါဝင်စားမှုကို ရရှိခဲ့ပါတယ်။ စိတ်ဝင်စားမှုနှင့်အတူ နက်နဲလှသည့် မေးခွန်းများလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ၎င်းတို့အနက်မှတစ်ခုမှာ မြန်မာနိုင်ငံရဲ့ အမျိုးသားနိုင်ငံရေး ပဋိညာဉ်အကြောင်းပဲ ဖြစ်ပါတယ်။
ဖြေ။ ယခုလိုကြားသိရတာ ဝမ်းသာပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း ယခင်တစ်ကြိမ်က ရေးသားထုတ်ဝေတဲ့ ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြခဲ့ရာမှာလည်း အလားတူ စိတ်ပါဝင်စားမှုမျိုး ရရှိခဲ့ပါတယ်။ ကျွန်တော့်ရဲ့ အင်တာဗျူး အမေးအဖြေတွေကို ပြည့်ပြည့်စုံစုံ ဖော်ပြရုံမျှမက ထိထိရောက်ရောက်ပုံဖော် ရေးသားပေးခဲ့တာကို တွေ့ရ ပါတယ်။ မဂ္ဂဇင်းစာအုပ်ကိုလည်း လက်ခံရရှိပါတယ်။ ဒီအတွက် အထူးကျေးဇူးတင်ပါကြောင်း ဦးစွာပြောလိုပါတယ်။
ဖြေ။ စာဖတ်ပရိသတ်တို့ သိလိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဖြေကြား ရမယ်ဆိုရင် ကျွန်တော်တို့မြန်မာ့တပ်မတော်သားတိုင်း၊ ကျွန်တော်အပါအဝင် ပေါ့လေ နေ့စဉ်ရွတ်ဆိုရတဲ့ သစ္စာ ၄ ချက်ရှိပါတယ်။ အဲဒီအထဲမှာ ''ငါတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေပါမည်'' လို့ ပါပါတယ်။ ဒါဟာ ကျွန်တော်တို့ သစ္စာပါပဲ။ ဒါ့ကြောင့်လည်း ကျွန်တော်တို့ရဲ့ အမျိုးသားနိုင်ငံရေးနဲ့ ပတ်သက်တဲ့ ခံယူချက်၊ စွဲမြဲထားတဲ့ ဆောင်ပုဒ်က ''တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်''ဆိုတာပါပဲ။ မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီကတည်းက ယနေ့အထိ တပ်မတော်က ဒီအတိုင်းဆောင်ရွက်ခဲ့တယ်။ အခုထိလည်း ဆောင်ရွက်နေတယ်။ ဒါ့ကြောင့်လည်း မြန်မာနိုင်ငံမှာ မြန်မာ့တပ်မတော်ကို ၂ဝဝ၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အမျိုးသားရေး ဦးဆောင်မှုအခန်းကဏ္ဍကို အပ်နှင်းထားတာပဲဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ နိုင်ငံရဲ့အမျိုးသားရေးကို ကျေးဇူးသစ္စာစောင့်သိတဲ့အနေနဲ့ ဒီနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တပ်မတော်က နိုင်ငံတော်တာဝန်ကို ရယူခဲ့ရပါတယ်။ ပြည်သူတွေ လိုလားတောင့်တတဲ့ ''စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်'' ပီပြင်စွာဖြစ်လာဖို့ ကျွန်တော်တို့ ဆောင်ရွက်လျက် ရှိပါတယ်။
မေး။ ယခုတစ်ကြိမ် မော်စကိုမြို့သို့ လာရောက်သည့်ခရီးစဉ်ဟာ နိုင်ငံပေါင်း ၁ဝ၉ နိုင်ငံက စစ်ဘက်ဆိုင်ရာ အကြီးအကဲတွေ ကိုယ်တိုင်တက်ရောက်ကြတဲ့ (၉)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေး ညီလာခံကို တက်ရောက်ရန်ဖြစ်တယ်လို့ ကြားသိရပါတယ်။ အဆိုပါညီလာခံမှာ ဗိုလ်ချုပ်မှူးကြီး ဆွေးနွေးပြောကြားခဲ့တဲ့ မိန့်ခွန်းကို ရုရှားပညာရှင်များသာမက နိုင်ငံတကာမှ ပညာရှင်များ၏ အသိအမှတ်ပြု အားပေးထောက်ခံ ခဲ့ကြပါတယ်။ ဒီခရီးစဉ်မှာ ဗိုလ်ချုပ်မှူးကြီး အနေနဲ့ရော ရုရှားနိုင်ငံအတွင်းနဲ့ ပတ်ဝန်းကျင်နိုင်ငံများ၊ အခြားသော ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး သတိပြုမိတဲ့ ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး သိလိုပါတယ်။
ဖြေ။ မော်စကိုမှာ ကျင်းပခဲ့တဲ့ (၉)ကြိမ်မြောက် နိုင်ငံတကာ လုံခြုံရေးညီလာခံ (9th MICS) မှာ ကျွန်တော့်အနေနဲ့ ပြောခဲ့တဲ့ အကြောင်းအရာက ''ကမ္ဘာ့နိုင်ငံရေး အခြေအနေတွင် အာရှ-ပစိဖိတ်ဒေသအရေးအား ဆွေးနွေးခြင်း'' (The Asia-Pacific in the content of Global Politics) ဖြစ်ပါတယ်။ ကျွန်တော်ပြောခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ရုရှား ပညာရှင်တွေနဲ့ နိုင်ငံတကာက ပညာရှင်တွေ အသိအမှတ်ပြု အားပေးထောက်ခံခဲ့တာကို သိရလို့ဝမ်းသာပါတယ်။ ကျွန်တော့်အနေနဲ့ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဆွေးနွေးရာမှာ အာရှ-ပစိဖိတ်ဒေသရဲ့ ပထဝီနိုင်ငံရေးအရ အရေးပါမှုကို ဦးစွာဆွေးနွေးခဲ့ပါတယ်။ ဒီဒေသဟာ ကမ္ဘာ့စီးပွားရေး ဈေးကွက်ရဲ့ သုံးပုံတစ်ပုံခန့် ပိုင်ဆိုင်ထားပြီး အိန္ဒိယသမုဒ္ဒရာအတွင်း နှစ်စဉ်ရေယာဉ်အစီးပေါင်း ၁ဝဝဝဝဝ (တစ်သိန်း)ကျော် ဖြတ်သန်းသွားလာလျက်ရှိပါတယ်။ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ထရီလီယံတန်ဖိုး ကုန်စည်စီးဆင်းလျက်ရှိပါတယ်။ ဒါ့အပြင် ကမ္ဘာ့ရေနံထွက်ကုန် ၈ဝ ရာခိုင်နှုန်းဟာ အိန္ဒိယသမုဒ္ဒရာက တစ်ဆင့် သယ်ယူပို့ဆောင်လျက် ရှိပြီး ကမ္ဘာ့ကုန်သွယ်မှုရဲ့ ၉ဝ ရာခိုင်နှုန်းဟာလည်း မလက္ကာရေလက်ကြားက ဖြတ်သန်းသွားလျက် ရှိပါတယ်။ ဒါ့ကြောင့် အာရှ-ပစိဖိတ်ဒေသဟာ ပထဝီနိုင်ငံရေးနဲ့ ပထဝီစီးပွားရေးအရ များစွာအရေးပါလာပြီး ကမ္ဘာ့စီးပွားရေး ဗဟိုချက် (World's Economic centre of Gravity) ဖြစ်လာတဲ့အပြင် ကမ္ဘာ့နိုင်ငံ ရေးအခင်းအကျင်းသစ် (New World Political Order)) မှာလည်း မဟာဗျူဟာမြောက် အရေးပါတဲ့ ဒေသတစ်ခုအဖြစ် သတ်မှတ်လာကြပါတယ်။ ဒါကတွေ့ရှိချက်၊ ဖြစ်ပေါ်နေတဲ့ အခြေအနေပါ။ ဒီတော့ ဘာဖြစ်သလဲ။ ထာဝရအကျိုးစီးပွား ဆိုတာလည်း ရှိတာကို သတိပြုရမယ်။ လူတစ်ဦး ဖြစ်ဖြစ်၊ နိုင်ငံတစ်နိုင်ငံဖြစ်ဖြစ်၊ ဒေသတစ်ခုပဲဖြစ်ဖြစ် အရေးပါမှုတွေ၊ အခွင့်အလမ်း (Opportunity) တွေရှိလာရင် အဲဒီအပေါ်မှာ အန္တရာယ်တွေ၊ ခြိမ်းခြောက်မှု (Threat) ဆိုတာတွေ ဒွန်တွဲပါလာမှာဖြစ်ရိုးဖြစ်စဉ်ပါပဲ။ အရေးပါလာတဲ့ ဒေသအတွက် အားပြိုင်မှုတွေဖြစ်လာတယ်။ ဒီဒေသအတွင်း ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အခွင့်အလမ်းတွေအတွက် အဓိကအချက်အချာ ဒေသတစ်ခုဖြစ်သော်လည်း မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုတွေကြောင့် ဒေသတွင်းနိုင်ငံရေးနဲ့ လုံခြုံရေးကို များစွာသက်ရောက်မှုတွေ ရှိလာခဲ့ပါတယ်။ ဒေသတွင်း အုပ်စုဖွဲ့မှုတွေနဲ့ ဒီအုပ်စုတွေအကြား ပြိုင်ဆိုင်မှုမြင့်မားလာတာဟာ သမားရိုးကျနဲ့ သမားရိုးကျ မဟုတ်တဲ့ လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုတွေအဖြစ် ဖြစ်ပေါ်လျက်ရှိပြီး အဲဒီအဖြစ်အပျက်တွေဟာ ဒေသဖွံ့ဖြိုးတိုးတက်မှုအတွက် စိန်ခေါ်မှုတွေလည်း ဖြစ်ပါတယ်။ ဒေသတွင်း အုပ်စုဖွဲ့လာမှုတွေ၊ စစ်ရေးချဲ့ထွင်လာမှုတွေ၊ အင်အားကြီးနိုင်ငံတွေရဲ့ မဟာဗျူဟာ၊ စီးပွားရေးဆိုင်ရာ ပြိုင်ဆိုင်မှုတွေနဲ့ လက်နက်အပြိုင်အဆိုင် တပ်ဆင်မှုတွေကြောင့် ဒေသတွင်းပဋိပက္ခတွေ ကြီးထွားလာနိုင်ပါတယ်။ ဒါတွေကို ဘယ်လိုဖြေရှင်းမလဲ၊ နိုင်ငံရေးအရနဲ့ စီးပွားရေးအရ ဖြေရှင်းဖို့လိုကြောင်း ကျွန်တော်ပြောကြားခဲ့ပါတယ်။ နိုင်ငံရေး အရဆိုရင် နိုင်ငံတွေအနေနဲ့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ၊ တစ်ဒေသနဲ့တစ်ဒေသ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအားလုံးအနေနဲ့ မိမိတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ အတွက် လိုအပ်သလို ကြိုးပမ်း ဆောင်ရွက်နိုင်တဲ့ အခွင့်အရေးတွေ ရရှိပိုင်ဆိုင် ထားကြပေမယ့် အဲဒီအခွင့်အရေးကို တလွဲယူဆပြီး အင်အားပြ ခြိမ်းခြောက်မှုတွေနဲ့ အခြားနိုင်ငံ တွေရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို ထိပါးမယ့် အပြုအမူတွေကို ရှောင်ရှားသင့်ကြောင်း၊ နိုင်ငံတိုင်းရဲ့ အချုပ်အခြာအာဏာ ဆိုင်ရာ တူညီတဲ့အခွင့်အရေးကို လေးစားကြဖို့ ပြောကြားခဲ့ပါတယ်။ စီးပွားရေးအရဆိုရင် ကမ္ဘာ့အင်အားကြီး နိုင်ငံတွေအကြား မဟာဗျူဟာမြောက်အားပြိုင်မှုတွေမှာ စီးပွားရေးအရ ပေါင်းစည်းမှုရှိဖို့ ကြိုးပမ်းအားထုတ် မှုတွေဟာလည်း အာရှ-ပစိဖိတ် ဒေသရဲ့ ကောင်းမွန်တဲ့ အနာဂတ်ကို ပုံဖော်ပေးမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုကို
မြှင့်တင်ခြင်းဖြင့် နိုင်ငံတွေအကြား မတူကွဲပြားမှုတွေကို လျှော့ချပေးနိုင်မှာဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ဖြစ်စဉ် (Globalization Process))ကို ပြန်လည်ပုံဖော်နိုင်မှာဖြစ်တဲ့အပြင် ကုလသမဂ္ဂရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတးတက်မှု အစီအစဉ် (UN SustainableDevelopment Goal)) ကို များစွာ အထောက်အကူ ရရှိနိုင်မှာဖြစ်ကြောင်းနဲ့ တရုတ်နိုင်ငံအနေနဲ့လည်း ရပ်ဝန်းနဲ့ လမ်းကြောင်း စီမံကိန်းကို ဖော်ဆောင်ပြီး အာရှ-ပစိဖိတ် ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက်လျက် ရှိတာကို ပြောကြားခဲ့ပါတယ်။ ဒီကြားထဲမှာ ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကတော့ ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပေါ်နေတာရှိပါမယ်။ နိုင်ငံရေးမှမဟုတ်ဘူး၊ စီးပွားရေး၊ လူမှုရေးအရ ရိုက်ခတ်မှုတွေလည်း ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း ရှိနေပါတယ်။ ဒါကို နိုင်ငံတော်၊ တပ်မတော်နဲ့ပြည်သူတို့ ပူးပေါင်းကျော်လွှားနိုင်ရေး ဆောင်ရွက်လျက်ရှိပါ တယ်။ နောက်တစ်ခုက အမေရိကန်အနေနဲ့ အာဖဂန်ကနေ တပ်တွေဆုတ်နေတဲ့ ကိစ္စပါပဲ။ ဘယ်လို ရည်ရွယ်ချက်ရှိသလဲ ဆိုတာ အမျိုးမျိုးခန့်မှန်းပေမယ့် ဒေသတွင်း တည်ငြိမ်လုံခြုံမှုအတွက်တော့ ထိခိုက်စေမှာဖြစ်ပါတယ်။
မေး။ ဗိုလ်ချုပ်မှူးကြီးနဲ့ ပထမအကြိမ် မေးမြန်းခွင့်ရခဲ့တဲ့ အင်တာဗျူးနဲ့ ယခု တစ်ကြိမ်အကြား ကာလအတွင်းမှာ မြန်မာနိုင်ငံအတွင်း ပြည်တွင်းရေးအခြေအနေကို သာမက နိုင်ငံတကာ အသိုင်းအဝိုင်းပါ လှုပ်ခတ်သွားစေခဲ့တဲ့ ဖြစ်ပေါ်တိုးတက်မှုများစွာ ရှိခဲ့ပါတယ်။ ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲကာလ၊ ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နိုင်ငံအား အရေးပေါ် အခြေအနေ ကြေညာခြင်း အစရှိတာတွေနဲ့အတူ တပ်မတော်အနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဝင်ရောက်ထိန်းသိမ်း ကာကွယ်ရသည်အထိ ဖြစ်လာခဲ့သော ဖေဖော်ဝါရီလ နိုင်ငံရေးအကျပ်အတည်းတွေအားလုံးရဲ့ အဓိကအကြောင်းရင်းမှန်ဟာ ဘယ်အရာများပါလဲ။
ဖြေ။ အဓိက အကြောင်းရင်းကတော့ မဲမသမာမှုပါ။ ဒီမိုကရေစီ ကျင့်သုံးကြတဲ့ နိုင်ငံတိုင်းမှာ ရွေးကောက်ပွဲက အဓိကပဲလေ။ ရွေးကောက်ပွဲကမှ တစ်ဆင့် ပြည်သူ ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေက လွှတ်တော်ထဲ ရောက်လာကြတာပါ။
ကျွန်တော်တို့နိုင်ငံမှာ အခြေခံဥပဒေအရ ထူးခြားချက်က အဲဒီလွှတ်တော်ကိုယ်စားလှယ်တွေကပဲ သမ္မတ ရွေးချယ်ကြတယ်။ အဲဒီသမ္မတက အစိုးရဖွဲ့စည်းတယ်။ ဒီလွှတ်တော် ကိုယ်စားလှယ်တွေဟာ မဲမသမာမှုနဲ့ ဖြစ်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဆိုရင် လွှတ်တော်ရော၊ အစိုးရရော နှစ်ခုလုံးက ပြည်သူကို ဘယ်လိုမှန်ကန်စွာကိုယ်စားပြုမလဲ။ ဒါဆို နိုင်ငံတော်မှာရှိတဲ့ ဥပဒေပြုရေး မဏ္ဍိုင်(လွှတ်တော်)နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်(အစိုးရ)တို့ဟာ ယိုင်နဲ့သွားပြီ။ နိုင်ငံတစ်ခုမှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင်တွေအနက် ၂ ခု ပြိုလဲသွားပြီဗျာ။ ဒါ့အပြင် ကျွန်တော်တို့နိုင်ငံရဲ့ တရားစီရင်ရေးမဏ္ဍိုင်ဟာလည်း တရားသူကြီးချုပ်တွေ သက်တမ်းကုန်ရင် သမ္မတက အဆိုပြုရတယ်။ လွှတ်တော်က အတည်ပြုတယ်။ ကုန်ပြီဗျာ။ မဏ္ဍိုင်သုံးရပ်လုံးက မဲမသမာမှုရလဒ်နဲ့ ဖြစ်လာတဲ့အပေါ် အခြေခံရင် ကျွန်တော်တို့ ပြည်သူလူထုက ရည်မှန်းထားတဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီ ဘယ်လိုလုပ်ဖြစ်မလဲ။
ဖြေ။ ကျွန်တော့်အနေနဲ့ ရွေးကောက်ပွဲမစမီကတည်းက သက်ဆိုင်ရာအစိုးရကိုရော၊ ပုဂ္ဂိုလ်တွေကိုရော တရားဝင်ကြေညာချက်တွေထုတ်ပြီး သတိပေးခဲ့ပါတယ်။ ရွေးကောက်ပွဲ မလုပ်ခင်ကတည်းက ရွေးကောက်ပွဲ အခင်းအကျင်းတွေ၊ မဲဆွယ်စည်းရုံးမှုတွေ၊ ကြိုတင်ဆန္ဒမဲ ပေးမှုတွေဟာ မျှတမှုမရှိတာကို တရားဝင်ပြောခဲ့ပါတယ်။ ရွေးကောက်ပွဲပြီးတော့လည်း ဒီဇင်ဘာလ ၂၃ ရက်နေ့ကစပြီး ကျွန်တော်တို့ မဲစာရင်း စစ်ဆေးချက်တွေအရ မဲမသမာမှုဖြစ်နိုင်တယ်ဆိုတာ စာရင်းဇယားနဲ့ စတင်ထုတ်ပြန်ခဲ့ပါတယ်။ ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ တပ်မတော်သတင်းစာ ရှင်းလင်းပွဲတွေပြုလုပ်ပြီး မီဒီယာတွေအားလုံးရှေ့မှာ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ရှင်းလင်းပြသခဲ့ပါတယ်။ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ ဖြစ်နိုင်သမျှ နည်းလမ်းတွေနဲ့ ညှိနှိုင်းခဲ့ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်က ဖြေရှင်းဖို့နည်းလမ်း၊ လွှတ်တော်က ဖြေရှင်းပေးဖို့နည်းလမ်း၊ အစိုးရက ဖြေရှင်းပေးဖို့ နည်းလမ်းအားလုံးကို ပြောကြားခဲ့ပေမယ့် ဖြေရှင်းမပေးပါဘူး။ နောက်ဆုံးမှာကျွန်တော်ကိုယ်တိုင် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို စာရေးပြီး ပြောကြားခဲ့ပါတယ်။ ဇန်နဝါရီလကုန်ပိုင်းမှာ အစိုးရက တာဝန်ရှိသူဝန်ကြီး တစ်ဦးနဲ့ ညွှန်ကြားရေးမှူးချုပ်တို့ ကျွန်တော့်ကို လာတွေ့တယ်။ ဒီမဲမသမာမှု ကိစ္စကိုဖြေရှင်းပေးဖို့ ဖြစ်နိုင်တဲ့ နည်းလမ်းတွေ ပြောပြခဲ့တယ်။ ဒါပေမဲ့ ဒါတွေကို ဖြေရှင်းမပေးဘဲ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မဲမသမာမှုနဲ့တက်လာတဲ့ လွှတ်တော်ကိုခေါ်ပြီး နိုင်ငံတော် အာဏာကို အဓမ္မနည်းနဲ့ရယူဖို့ ကြိုးစားခဲ့ပါတယ်။ ဒါ့ကြောင့် အခြေခံဥပဒေအရ အရေးပေါ် အခြေအနေကြေညာပြီး နိုင်ငံတော်တာဝန်ကို ထိန်းသိမ်း ကာကွယ်ခဲ့ ရပါတယ်။ အခုကျွန်တော်တို့ နိုင်ငံတော် တာဝန်ကို ရယူပြီးနောက်မှာ တစ်မြို့နယ်ချင်း
အလိုက် မဲစာရင်းတွေကို ရွေးကောက်ပွဲ ကော်မရှင်အသစ်နဲ့ အသေးစိတ် စစ်ဆေးခဲ့ပါတယ်။ မဲမသမာမှုပေါင်း ၁၁ သန်းကျော် ဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။ ကျွန်တော်တို့ ဥပဒေနဲ့အညီ ဆက်လုပ်ပါမယ်။
မေး။ နိုင်ငံတကာ သတင်းမီဒီယာများဟာ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်တိုးတက်လျက်ရှိတဲ့အခြေအနေများနဲ့ ပတ်သက်လို့ အဖျက်သဘောဆောင်သော သတင်းအမှားများကိုသာ ရေးသားထုတ်လွှင့်နေကြပြီး လိုအပ်တဲ့ အချက်အလက်များကိုလည်း ပြည်တွင်းမှာရှိတဲ့ တိုင်းပြည်ကို မတည်မငြိမ်ဖြစ်စေလိုတဲ့ အဖျက်သမားအုပ်စုထံမှ ရရှိနေတာဖြစ်ပါတယ်။ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ လက်ရှိအာဏာပိုင် အစိုးရအနေနဲ့ ကမ္ဘာ့သတင်း မီဒီယာများကို ဖြစ်စဉ်အမှန် သတင်းအမှန်ရရှိနိုင်ရေး ဘယ်လိုလုပ်ငန်း စဉ်တွေ စီစဉ်ဆောင်ရွက်သွားဖို့ ရှိပါသလဲ။ နာမည်ကျော်ကြား လူကြည့်များသော သတင်းအချက်အလက် စီးဆင်းမှု မီဒီယာတွေမှာ ကိုယ်ပိုင်သတင်း ဌာနဖွင့်ခြင်း၊ သတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်ခြင်းနဲ့ Presentationပြုလုပ်ဖြေကြားခြင်းများ၊ တရားဝင်သတင်း ထုတ်ပြန်ချက်များ ပြုလုပ်သွားဖို့ရော အစီအစဉ် ရှိပါသလား။
ဖြေ။ ဒါကတော့ ခုမှမဟုတ်ပါဘူး။ ယခင်ကတည်းကပါ။ ပြောရရင် တပ်မတော်က နိုင်ငံတော်တာဝန်ရယူခဲ့ရတဲ့ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ လက်ထက်ကတည်း ကပါ။ နိုင်ငံက ဆိုရှယ်လစ်စနစ် ကျင့်သုံးလာတဲ့ ကာလတစ်လျှောက်လုံးမှာလည်း ဒီလိုပဲ အဖျက်သဘောဆောင်တာတွေ တောက်လျှောက် ရေးခဲ့ကြပါတယ်။ အဓိကကတော့ အစိုးရကို မလိုလားသူတွေ တည်ထောင်ထားတဲ့၊ ထောက်ပံ့မှုပေးထားတဲ့ မီဒီယာတွေ ပါပဲ။ ၁၉၈၈ ခုနှစ်မှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရက နိုင်ငံကိုမထိန်းနိုင်တော့ဘဲ နိုင်ငံတော်ပြိုကွဲ ပျက်စီးမယ့်အရေး၊ အင်အားကြီး နိုင်ငံကြီးတစ်ခုရဲ့ ရေတပ်သင်္ဘော အုပ်စုတစ်စု မြန်မာ့ရေပိုင်နက်ထဲ ထိဝင်လာခဲ့ပြီးနောက်ပိုင်း တပ်မတော်က နိုင်ငံတော် တာဝန်ယူပြီးတဲ့ အချိန်မှာ မြန်မာနိုင်ငံအပေါ် ဝါဒဖြန့်ချိဖို့ အစိုးရကိုမလိုလားတဲ့ နိုင်ငံတွေကပဲ ပြည်ပအခြေစိုက်သတင်းဌာနတွေ၊ အသံလွှင့်ဌာနတွေကို ထပ်မံတိုးချဲ့ဆောင်ရွက်ပြီး မီဒီယာနဲ့ စတင် တိုက်ခိုက်ခဲ့ပါတယ်။ ၂ဝ၁ဝ နောက်ပိုင်း တပ်မတော်အစိုးရက ဦးဆောင်ပြီး နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်းပေါ် တင်ပေးခဲ့တယ်။ သမ္မတဦးသိန်းစိန် အစိုးရ ၂ဝ၁ဝ ရွေးကောက်ပွဲကနေ တက်လာခဲ့တယ်။ အဲဒီမှာလည်း အစိုးရကိုမလိုလားတဲ့ နိုင်ငံတွေက တည်ထောင်ထားတဲ့ မီဒီယာတွေ၊ သူတို့နောက်ကွယ်က ထောက်ပံ့ အားပေးနေတဲ့ မီဒီယာတွေအတွက် ရုံးခွဲတွေ ဖွင့်လှစ်တယ်၊ မီဒီယာအသစ် ထပ်မံထောင်တာတွေပေါ်လာခဲ့တယ်။ ၂ဝ၁ဝ ကနေ ၂ဝ၁၅ အထိ အစိုးရဟာ တိုင်းပြည်ကိုဒီမိုကရေစီ အလေ့အကျင့်ကောင်းတွေ ရအောင်၊ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့အကောင်း မပြောခံရသလို အကောင်းလည်း မရေးခံရဘူး။ ဘာလို့လဲဆိုတော့ သူတို့လိုချင်တဲ့အစိုးရမဟုတ်လို့ပါ။ သူတို့က မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ထွန်းကားတာ၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်တာထက် သူတို့လိုချင်တဲ့အစိုးရ အုပ်ချုပ်စေချင်တာ၊ လွှမ်းမိုးချုပ်ကိုင် လိုတာပဲဖြစ်ပါတယ်။ မီဒီယာပိုင်းနဲ့ ပတ်သက်လို့ ကျွန်တော်တို့ဝန်ခံလိုတာက ကျွန်တော်တို့အားနည်းခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ကျွန်တော်တို့ မှန်တာတွေလုပ်နေတယ်။ နိုင်ငံတော်နဲ့ပြည်သူအပေါ်မှာ စေတနာထားတယ်။ ဒါကြောင့် မဟုတ်တာတွေရေးနေတဲ့ မီဒီယာတွေအပေါ် ဘာမှဖြေရှင်းနေစရာ မလိုဘူးလို့ မှတ်ယူခဲ့တယ်။ ဒါပေမဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ ကျွန်တော်တို့ ထင်သလောက် ရိုးသားမှုမရှိခဲ့ဘူး။ ဒါကို ပြုပြင်ပြောင်းလဲဖို့ ကျွန်တော်တို့ကြိုးစားခဲ့တယ်။ လုပ်ဆောင်နေပါတယ်။ သတင်းစာရှင်းလင်းပွဲတွေ၊ သတင်းမှန်ထုတ်ပြန်မှုတွေ၊ ကျွန်တော်ကိုယ်တိုင်နဲ့ တာဝန်ရှိသူတွေ ှုညအနမလငနတ တွေ လုပ်နေပါတယ်။ ဒါပေမဲ့ ထိုးဖောက်နိုင်မှု အားနည်းနေဆဲပါ။ ကျွန်တော်တို့နိုင်ငံနဲ့ အဖွဲ့အစည်းအပေါ် နားလည်မှုရှိတဲ့နိုင်ငံတွေ၊ သတင်းဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်လျက်ရှိပါတယ်။ ဆက်လက်ဆောင်ရွက်သွားပါမယ်။
မေး။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိပြီးနောက် ချက်ချင်းဆိုသလိုပဲ ဆိုဗီယက်ပြည်ထောင်စုနဲ့ သံတမန်လုပ်ငန်းကိစ္စရပ်များကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ ၇၃ နှစ်ကြာ ရုရှား-မြန်မာချစ်ကြည်ရေး၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနဲ့ သံတမန် ဆက်ဆံရေးကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို မှတ်ချက်မျိုးပေးလိုပါသလဲ။
ဖြေ။ ကျွန်တော်တို့ဟာ ပထဝီအနေအထားအရ အနေဝေးပေမယ့် စိတ်ချင်းနီးစပ် ထိကပ်နေတဲ့ နိုင်ငံတွေပါ။ သမိုင်းကြောင်း အရလည်း ထိတွေ့ဆက်ဆံမှုများခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် ကတည်းက ရုရှားနိုင်ငံနဲ့ တပ်မတော်ချင်း ဆက်သွယ်၊ ဆက်ဆံမှုမြှင့်တင်နိုင်ဖို့၊ နောက်တစ်ဆင့် နိုင်ငံချင်း၊ ပြည်သူချင်း ဆက်သွယ်၊ ဆက်ဆံမှု မြှင့်တင်နိုင်ဖို့အတွက် အစဉ်တစိုက် ဆောင်ရွက်ခဲ့ပါတယ်။ အခုတော့ ပိုမိုနီးစပ်၊ နီးကပ်တဲ့ ဆက်ဆံရေးမျိုးရရှိနေပါပြီ။ ဒီလောက်နဲ့ကျေနပ်မနေဘဲ ဒီထက်ပိုတဲ့မြှင့်တင်မှုတွေကို ကဏ္ဍစုံဆက်လက်ဆောင်ရွက်သွားပါမယ်။
မေး။ ဗိုလ်ချုပ်မှူးကြီး ထင်မြင်သုံးသပ်သလိုပါပဲ ဆိုဗီယက်ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမှာ စီးပွားကူးသန်းရေးကို အထူးအလေးပေး ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိမျက်မှောက်ခေတ် ကာလမှာတော့ စိတ်မကောင်းစွာပဲ မြန်မာနိုင်ငံရဲ့ ပြည်ပကူးသန်း ရောင်းဝယ်ရေး အဓိက မိတ်ဖက်နိုင်ငံတွေထဲမှာ ရုရှားနိုင်ငံ မပါဝင်နိုင်သေးတာကို တွေ့ရှိရပါတယ်။ ဒီအခြေအနေတွေကို ပြောင်းလဲနိုင်ဖို့အတွက် ဘယ်လိုလုပ်ငန်းစဉ်တွေကို မဖြစ်မနေ ပြုလုပ်ဆောင်ရွက် သင့်တယ်လို့ ထင်ပါသလဲ။
ဖြေ။ ကျွန်တော်ရုရှားရောက်ခဲ့စဉ်မှာ ဒါကိုအလေးထားပြီး ဆွေးနွေးဖြစ်ခဲ့ပါတယ်။ အခု ကျွန်တော်တို့ ချစ်ကြည်ရေးအဖွဲ့မှာ ကဏ္ဍပေါင်းစုံက ဌာနဆိုင်ရာ တာဝန်ရှိသူတွေ ပါပါတယ်။ သူတို့လည်း ခင်ဗျားအခုပြောတဲ့ စီးပွားကူးသန်းရေးဆိုင်ရာ ကိစ္စတွေ၊ ခရီး သွားလာရေး လုပ်ငန်းတွေ၊ မြို့ပြဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းတွေ၊ ယဉ်ကျေးမှု ဖလှယ်ရေး လုပ်ငန်းတွေကို ဆွေးနွေးနေကြပါတယ်။ အဓိကက ကုန်သွယ်မှုမြှင့်တင်ခြင်းနဲ့ ခရီးသွားလာမှု မြှင့်တင်ရေးပဲ ဖြစ်ပါတယ်။ အခု ဒီဆွေးနွေးနေတဲ့လုပ်ငန်းစဉ်တွေဟာ နှစ်နိုင်ငံဆက်သွယ်၊ ဆက်ဆံရေးအတွက် အရေးပါတဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။ မဖြစ်မနေပြုလုပ်သင့်တဲ့ လုပ်ငန်းတွေဆိုတာထက် မဖြစ်မနေ ပြုလုပ်ရမယ့် ဆောင်ရွက်ချက်ကတော့ အဖြစ်နိုင်ဆုံး လုပ်ငန်း၊ နှစ်ဦးနှစ်ဖက်စလုံး အကျိုးဖြစ်ထွန်းမယ့်လုပ်ငန်းတွေကို လက်တွေ့ကျကျ မြန်မြန်စတင်နိုင်ဖို့ပါပဲ။ ဘယ်လုပ်ငန်း ဖြစ်ဖြစ် ပထမဆုံးခြေလှမ်းက အရေးအကြီးဆုံး ပါပဲဗျာ။
ဆက်လက်ဖော်ပြပါမည်