RSS-3 ရော်ဘာတစ်ပေါင်လျှင် ငွေကျပ် ၁၀၀ ခန့် ဈေးနှုန်းပြန်လည် မြင့်တက်လာ သော်လည်း အိမ်နီးချင်းနိုင်ငံများထက် ဈေးနှုန်းနိမ့်ကျနေဆဲဖြစ်

ယခုနှစ် သုံးလတာကာလအတွင်း RSS-3 ရော်ဘာတစ်ပေါင်လျှင် ငွေကျပ် ၁၀၀ ခန့် ဈေးမြင့် တက်လာသော်လည်း ပြည်တွင်းမှ ထွက်ရှိသည့် ရော်ဘာအရည် အသွေးပိုင်းကြောင့် အိမ်နီးချင်း နိုင်ငံများထက် ဈေးနှုန်း နိမ့်ကျနေဆဲဖြစ်ကြောင်း ရော်ဘာ ဈေးကွက် အတွင်းမှ သိရသည်။ ဇွန်လက RSS-3 ရော်ဘာတစ်ပေါင် လျှင် ငွေကျပ် ၆၄၀ ဝန်းကျင်သာရှိခဲ့ရာမှ လက်ရှိတွင် ငွေကျပ် ၇၄၀ ဝန်းကျင်ရှိနေသော်လည်း အိန္ဒိယနှင့်ထိုင်းနိုင်ငံတို့ရှိ ရော်ဘာ ဈေးနှုန်းများနှင့် ကွာဟနေဆဲဖြစ် သည်။

COVID-19 ရောဂါမဖြစ်ပွားမီက RSS-3 ရော်ဘာတစ်ပေါင်လျှင် ငွေကျပ် ၈၀၀ ဝန်းကျင် ရှိခဲ့ရာမှ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ကုန်သွယ်ရေးလမ်းကြောင်း များ ယာယီပိတ်ဆို့မှုရှိသောကြောင့် ရော်ဘာဈေးနှုန်းထက်ဝက်နီးပါး ကျဆင်းခဲ့ခြင်း ဖြစ်သည်။ မြန်မာ့ရော်ဘာသည် ကမ္ဘာ့ဈေးနှုန်းထက် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၀ ဝန်းကျင်အထိ ဈေးနှုန်းအနိမ့်ဖြင့် ရောင်းချရလေ့ရှိကြောင်း သိရသည်။

“ကျွန်တော်တို့နိုင်ငံရဲ့ ရော်ဘာအရည် အသွေးပိုင်းဆိုင်ရာ အားနည်းချက်ကြောင့်ပါ။ အရည် အသွေး မမီသေးတဲ့အတွက် ဈေးလျှော့ရောင်းရတာပါ”ဟု မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်ကပြောသည်။ ပြည်တွင်းမှ ထွက်ရှိသည့် ရော်ဘာ စုစုပေါင်း၏ ၉၂ ရာခိုင်နှုန်းကို ပြည်ပဈေးကွက်သို့တင်ပို့လျက်ရှိပြီး ထိုအထဲမှ ၇၀ ရာခိုင်နှုန်းကိုတရုတ်နိုင်ငံသို့ အဓိကတင်ပို့ကာ ၈ ရာခိုင်နှုန်းကိုသာပြည်တွင်း၌ သုံးစွဲလျက်ရှိကြောင်း သိရသည်။

နေနေ