မိုးစပါးခင်းများအတွက် တမန်းနှိုးစက်များ ထောက်ပံ့ပေးအပ်

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် စိုက်ပျိုးထားရှိသော မိုးစပါးခင်းများ အတွက် တမန်းနှိုးစက်များ ထောက်ပံ့ပေးအပ်ခြင်းကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့  အောက်စိမ့်တောကျေးရွာ၌  စက်တင်ဘာ ၅ ရက်မွန်းလွဲပိုင်းတွင်ကျင်းပကြောင်း သိရသည်။ တမန်းနှိုးစက်များသည် စပါးခင်းများအတွင်း ပေါက်ရောက်နေသော ပေါင်းပင်များကို ရှင်းလင်းပေးသည့်အပြင် တမန်းနှိုးစပါးပင်များကြီးထွားရေးကို အထောက်အကူဖြစ်စေမည့် တမန်းနှိုးခြင်း လုပ်ငန်းကို အလွယ်တကူလုပ်ဆောင်ပေးနိုင်သည့် ကိရိယာတစ်ခုဖြစ်သည်။

“အခုထောက်ပံ့ပေးတဲ့ တမန်းနှိုးစက်တွေက စပါးခင်းထဲမှာပေါက်နေတဲ့ ပေါင်းပင်တွေကို ရှင်းပေးတယ်။ နောက်ပြီး တမန်းနှိုးတာကို သီးခြားလုပ်စရာမလိုဘဲ ပေါင်းရှင်းတဲ့အချိန်မှာ တမန်းကို တစ်ခါတည်းနှိုးပေးတဲ့ ကိရိယာဖြစ်တဲ့အတွက် တောင်သူတွေကို အများကြီး အထောက်အကူ ဖြစ်စေပါတယ်”ဟု မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်အမာကြည် က ပြောသည်။

ယင်းနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်အမာကြည်က အောက်စိမ့်တော ကျေးရွာ မိုးစပါးခင်းများတွင် အသုံးပြုနိုင်ရန်အတွက် တမန်းနှိုးစက်ငါးခုအား လွှဲပြောင်း ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးကလက်ခံသည်။ ဆက်လက်၍ ညောင်ဖြူပင်ကျေးရွာနှင့် သစ်ဆိမ့် ကျေးရွာရှိ တောင်သူများကိုလည်း ဆက်လက်ထောက်ပံ့ပေးနိုင်ရေး လုပ်ဆောင် လျက်ရှိကြောင်းနှင့် ယခုဘဏ္ဍာနှစ် မိုးစပါးစိုက်ရာသီတွင် မုံရွာမြို့နယ်အတွင်း မျိုးစေ့ထုတ် စိုက်ခင်းဧက ၁၀၀ နှင့် မိုးစပါးဧက၃၀၀၀ ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။