နေပြည်တော် ၊ စက်တင်ဘာ - ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ နောင်ချိုအိုရီယမ်တယ်တိုးဂိတ်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ် ဖြတ်သန်းမှုများအား စစ်ဆေးစဉ် စက်တင်ဘာ ၆ ရက်ည ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် ကျောက်မဲမြို့ဘက်မှ နောင်ချိုမြို့ဘက်သို့ စိုင်းထွန်းအေး(ဘ)ဦးလှစိုင်း မောင်းနှင်လာသော လိုင်စင်မဲ့မော်တော် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်ရှေ့ ဂွကြားရှိဆာလာအိတ် အတွင်းမှ တစ်ထုပ်လျှင် ၁ ဒသမ ၃ ကီလိုဂရမ်ခန့်ပါ ဘိန်းစိမ်း ၇ ထုပ်၊ ၉ ဒသမ ၁ ကီလိုဂရမ် (ခန်မှန်းတန်ဖိုး ငွေကျပ် ၂၇ သိန်းကျော်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် ည ၁၀ နာရီ ၅၅ မိနစ်ခန့်တွင် စိုင်းအိုက်ဖုန်း(ဘ)ဦးကြည်ဝင်း မောင်းနှင်လာသော လိုင်စင်မဲ့မော်တော်ဆိုင်ကယ်အား ပူးပေါင်းအဖွဲ့က ရပ်တန့်စစ်ဆေးစဉ် ဆိုင်ကယ်အား မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ ၎င်းအား ဂုတ်တွင်း တံတား၌ တစ်ထုပ် လျှင် ၁ ဒသမ ၃ ကီလိုဂရမ်ခန့်ပါဘိန်းစိမ်း ၆ ထုပ်၊ ၇ ဒသမ ၈ ကီလိုဂရမ် (ခန်မှန်း တန်ဖိုးငွေကျပ် ၂၃ သိန်းကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါဖမ်းဆီးရမိသူများ၊ မော်တော်ဆိုင်ကယ်များနှင့် မူးယစ်ဆေးဝါးများအား လုပ်ထုံး လုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရေး နောင်ချိုမြို့နယ်ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။