ရန်ကုန်တိုင်းဒေသကြီး၌ အလုပ်လက်မဲ့နှုန်းလျော့နည်းစေရေး ရင်းနှီးမြှုပ်နှံမှုများခွင့်ပြုပေး ရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၏ ပြောကြားချက်အရ သိရသည်။ အလုပ်လက်မဲ့နှုန်း လျော့နည်းစေရေးနှင့် အလုပ်ရပ်နားခဲ့ရသည့် အလုပ်သမားများ တခြား အလုပ်အကိုင်များတွင် အလုပ်ပြန်လည်ရရှိစေရေး ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီသည် နှစ်ပတ်တစ်ကြိမ်အစည်းအဝေးပြုလုပ်၍ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု များကို လုပ်ငန်းလုပ်ကိုင်ခွင့်ပြုမိန့်များ ထုတ်ပေးလျက်ရှိသည်။
ယင်းလုပ်ငန်းများမှတစ်ဆင့် ဝန်ထမ်းလိုအပ်ချက်နှင့်အညီ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ဆောင်ရွက်ပေးနေသည့်အပြင် အလုပ်လက်မဲ့ဖြစ်သွားသည့် အလုပ်သမားများ အလုပ်ပြန်လည်ရရှိရေးအတွက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ကြေညာထားသည့် စက်ရုံ၊ အလုပ်ရုံများ၌ အလုပ်ပြန်လည်လျှောက်ထားသော အလုပ်သမားများရှိနေကြောင်း သိရသည်။
“အလုပ်အကိုင်တွေ ပြန်လည်ရရှိဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ စီစဉ်ဆောင်ရွက် ပေးနေပါတယ်။ ပိတ်သိမ်းသွားတဲ့ စက်ရုံ၊ အလုပ်ရုံတွေက အလုပ်သမားတွေအတွက် နည်းလမ်းတွေရှာဖွေပြီး အလုပ်အကိုင်တွေ ရှာဖွေပေးနေပါတယ်။ ဒါ့ပြင် အလုပ်သမား၊ အလုပ်ရှင် ထိခိုက်နစ်နာမှုတွေကိုလည်း ဖြေရှင်းဆောင်ရွက်ပေးနေပါတယ်။ အလုပ်သမား တွေရဲ့ ခံစားခွင့်၊ လုပ်ခလစာနဲ့ လုပ်သက်ခွင့်ရက်အတွက် ခံစားခွင့်ငွေကြေးတွေ၊ အလုပ်ရှင်နဲ့ အလုပ်သမားတွေရဲ့ အကျိုးခံစားခွင့်တွေကို အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနက ဆောင်ရွက်ပေးနေပါတယ်”ဟု ဝန်ကြီးဒေါ်မိုးမိုးစုကြည်ကပြောသည်။
လက်ရှိတွင် စက်ရုံ၊ အလုပ်ရုံများ ပိတ်သိမ်းခြင်းကို အလုပ်သမားများက ကျေနပ်မှုမရှိ၍ တိုင်ကြားလာပါက ၂၀၁၂ ခုနှစ် အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေအရ အကျိုးစီးပွားဆိုင်ရာအငြင်းပွားမှုအဖြစ် သက်ဆိုင်ရာမြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က စစ်ဆေးဆောင်ရွက်ပြီး လုပ်သက်အလိုက် နစ်နာကြေးရရှိစေရန် ဆောင်ရွက်ပေးကြောင်း၊ ထို့ပြင် အလုပ်ပြန်လည်ရရှိလိုသော အငြင်းပွားမှုများကိုလည်း အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနက တာဝန်ယူဖြေရှင်းဆောင်ရွက်ပေးကြောင်း သိရသည်။
စိုးမိုး