တိုက်စစ်မှူး စီရော်နယ်ဒိုသည် Quarantine ရက်ပြည့်မြောက်ခဲ့သည့်အတွက် မန်ယူအသင်းနှင့်အတူ အသင်းလိုက်စခန်းသွင်း လေ့ကျင့်မှုများ စတင်ပြုလုပ် ခဲ့ကြောင်း သိရသည်။
စီရော်နယ်ဒိုသည် အပြောင်းအရွှေ့ နောက်ဆုံးရက်တွင် ဂျူဗင်တပ်စ်အသင်းမှ မန်ယူအသင်းသို့ တစ်ကျော့ ပြန်လည်ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ပြီး ပေါ်တူဂီအသင်းနှင့် အတူ အဝါကတ်ကြောင့် တစ်ပွဲ လွဲချော်ခဲ့သည့်အတွက် မန်ယူအသင်းနှင့် စောစီးစွာ ပူးပေါင်းခဲ့ခြင်းဖြစ်သည်။
စီရော်နယ်ဒိုသည် ပေါ်တူဂီနိုင်ငံမှ အင်္ဂလန်နိုင်ငံ သို့ ရောက်ရှိခဲ့ပြီးနောက် ငါးရက်ကြာ Quarantine ဝင်ခဲ့ရပြီး စက်တင်ဘာ ၇ ရက်က နည်းပြ ဆိုးလ်ရှားနှင့် တွေ့ဆုံကာ အသင်းလိုက်စခန်းသွင်း လေ့ကျင့်မှု များ ပြုလုပ်ခဲ့သည်။
စီရော်နယ်ဒိုသည် အသင်းနှင့် စောစီးစွာ ပူးပေါင်းနိုင်သည့်အတွက် စက်တင်ဘာ ၁၁ ရက်တွင် ကစားမည့် နယူးကာဆယ် အသင်းနှင့်ပွဲစဉ်၌ အသင်းနှင့် ပထမဆုံးပွဲ စတင်ပါဝင် ကစားနိုင်ဖွယ်ရှိသည်။
မန်ယူအသင်းက စီရော်နယ်ဒိုနှင့် အသင်းပရိသတ်များ မိတ်ဆက်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁၁ ရက် တွင်ကစားမည့် နယူးကာဆယ်အသင်းနှင့် ပွဲစဉ်မတိုင်မီ ပြုလုပ်မည်ဖြစ်ပြီး စီရော်နယ်ဒို အနေဖြင့် နယူးကာဆယ် အသင်းနှင့်ပွဲစဉ်တွင် ပွဲထွက် မပါဝင်နိုင်ပါကလည်း လူစားဝင် ကစားသမားအဖြစ် ပါဝင်ကစားဖွယ် ရှိကြောင်း သိရသည်။
Ref;Manchester Evening News