ဥရောပ၏ ကစားသမား တန်ဖိုးအကြီးဆုံး ကလပ်အသင်း ၁ဝ သင်းစာရင်းတွင် မန်စီးတီးအသင်း ထိပ်ဆုံး၌ ရပ်တည်ပြီး အင်္ဂလန် ပရီးမီးယားလိဂ်မှ ခြောက်သင်းအထိ ပါဝင်နေ

ဥရောပ၏ ကစားသမား တန်ဖိုးအကြီးဆုံး ကလပ်အသင်း ၁ဝ သင်းစာရင်းတွင် မန်စီးတီးအသင်း ထိပ်ဆုံး၌ ရပ်တည်ပြီး အင်္ဂလန် ပရီးမီးယားလိဂ်မှ ခြောက်သင်းအထိ ပါဝင်နေ

ဘောလုံးအချက်အလက် ပြုစုရေး    အဖွဲ့အစည်း (CIES)က စစ်တမ်းကောက်ယူ ဖော်ပြခဲ့သည့် ဥရောပ ၏ကစားသမား တန်ဖိုးအကြီးဆုံး ကလပ်အသင်း ၁ဝ သင်းစာရင်းတွင်  မန်စီးတီးအသင်းက  ထိပ်ဆုံး၌ရပ်တည်ပြီး အင်္ဂလန် ပရီးမီးယားလိဂ်မှ ကလပ်အသင်း ခြောက်သင်းအထိ ပါဝင်နေကြောင်း သိရသည်။

CIES  က ကစားသမားများ၏ တန်ကြေးကို သတ်မှတ်ရာတွင် ကစားသမားများအား ခေါ်ယူစဉ်က ပေး ချေခဲ့ရသည့် ပြောင်းရွှေ့ကြေး တန်ဖိုးကို   အခြေခံ တွက်ချက်ခြင်းဖြစ်ပြီး  မန်စီးတီးအသင်းက  ကစားသမားများ၏ စုစုပေါင်းတန်ကြေး စတာလင်ပေါင် ၉၂၆ သန်းဖြင့် ထိပ်ဆုံး၌ ရပ်တည်ခဲ့ခြင်းဖြစ်သည်။

ဥရောပ၏ကစားသမား တန်ဖိုးအကြီးဆုံး ကလပ်အသင်း ၁ဝ သင်း စာရင်းတွင် ထိပ်ဆုံးမှ ဦးဆောင်ခဲ့သည့် မန်စီးတီးအသင်းနှင့် ဒုတိယနေရာမှ ရပ်တည်ခဲ့သည့်  မန်ယူအသင်းတို့ကြား တန်ဖိုးကွာဟမှုမှာ ပြီးခဲ့သည့် ဘောလုံးရာသီကထက် ကျဉ်းမြောင်းပြီး စတာလင်ပေါင် ၄၉ သန်းသာ ကွာဟခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်းသည် ယခုနှစ် ကစားသမား အပြောင်းအရွှေ့ ကာလတွင် ဗာရာနီ၊ ဆန်ချိုနှင့် စီရော်နယ်ဒို တို့အတွက် ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၁ဝဝ ကျော် အသုံးပြုခဲ့ပြီးနောက် ကစားသမားများ၏ တန်ဖိုးမြင့်မား လာသည့်အတွက်  မန်စီးတီးအသင်း နှင့် ကစားသမား တန်ဖိုးကွာဟမှု ကျဉ်းမြောင်းလာခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဘောလုံးရာသီအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် ကလပ်အသင်းများ အနေဖြင့် ဘဏ္ဍာရေး အခက်အခဲ တွေ့ကြုံခဲ့ပြီးနောက် အစောပိုင်းနှစ်များက ကစားသမားများ၏ တန်ဖိုးအကြီးဆုံး အသင်းများအဖြစ် ရပ်တည်ခဲ့ကြသည့် စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ် အသင်းနှင့်   ဘာစီလိုနာအသင်းတို့ အနေဖြင့် တန်ဖိုးများ ကျဆင်းခဲ့ကာ   ပရီးမီးယားလိဂ် ကလပ်အသင်းများက ဦးဆောင်လာခြင်း ဖြစ်သည်။

ဥရောပ၏ ကစားသမားတန်ဖိုး အကြီးဆုံး ကလပ် အသင်း ၁ဝ သင်းစာရင်းတွင် မန်စီးတီး အသင်းနောက် မန်ယူအသင်းက  စတာလင်ပေါင်  ၈၇၇ သန်းဖြင့် အဆင့်(၂)၊ ပီအက်စ်ဂျီအသင်းက စတာလင်ပေါင် သန်း ၈၂ဝ ဖြင့်  အဆင့်(၃)၊    ရီးယဲလ်မက်ဒရစ် အသင်းက စတာလင်ပေါင် ၆၇၅ သန်းဖြင့် အဆင့်(၄)၊ ချယ်လ်ဆီး အသင်းက စတာလင်ပေါင် ၆၆၉ သန်းဖြင့် အဆင့်(၅)၊ လီဗာပူးအသင်းက စတာလင်ပေါင် ၅၇၆ သန်းဖြင့် အဆင့်(၆)၊ ဂျူဗင်တပ်စ်အသင်းက စတာ လင်ပေါင် ၅၆၃ သန်းဖြင့် အဆင့်(၇)၊ ဘာစီလိုနာ အသင်းက စတာလင်ပေါင် ၅၅၁ သန်းဖြင့် အဆင့် (၈)၊ အာဆင်နယ်အသင်းက  စတာလင်ပေါင် ၅၄၂ သန်းဖြင့်  အဆင့်(၉)နှင့် စပါးအသင်းက စတာလင်ပေါင် ၄၇၂ သန်းဖြင့် အဆင့်(၁ဝ) နေရာ၌ အသီးသီး ရပ်တည်လျက် ရှိကြောင်း သိရသည်။