လီဗာပူးအသင်းနှင့် ချယ်လ်ဆီးအသင်းပွဲစဉ်မှဖြစ်ရပ်အတွက် ချယ်လ်ဆီးအသင်းကို စတာလင်ပေါင် ၂၅၀၀၀ ပြစ်ဒဏ်ချမှတ်

လန်ဒန်၊ ဘောလုံး

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်  (အက်ဖ်အေ)သည် သြဂုတ် ၂၈ ရက်က  ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ကစားခဲ့သည့်  လီဗာပူးအသင်းနှင့်   ချယ်လ်ဆီး အသင်းတို့ပွဲစဉ်မှဖြစ်ရပ်အတွက် ချယ်လ်ဆီးအသင်း ကို စတာလင်ပေါင် ၂၅၀၀၀ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်၌ ချယ်လ်ဆီးအသင်းက ပွဲချိန် ၂၂ မိနစ်တွင် ကိုင်ဟားဗက်၏ သွင်းဂိုးဖြင့်  ဦးဆောင်နိုင်ခဲ့သော်လည်း  မိုဟာမက် ဆာလက်ချ်၏ ပယ်နယ်တီ သွင်းဂိုးကြောင့် တစ်ဂိုးစီသရေရလဒ်ဖြင့်သာ  ပြီးဆုံးခဲ့ သည်။ ယင်းပွဲစဉ်၌ ပွဲချိန်ပထမပိုင်းပြီးဆုံးခါနီးတွင်  လီဗာပူးအသင်းမှ  ကန်သွင်းမှုကို ချယ်လ်ဆီးအသင်း ခံစစ်ကစားသမား   ရီစီဂျိမ်းစ်က  လက်ဖြင့်ကာ သကဲ့သို့ဖြစ်ခဲ့သည့်အတွက်   ကွင်းလယ် ဒိုင်လူကြီး တေလာက ရီစီဂျိမ်းစ်ကို တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခဲ့သည်။

ရီစီဂျိမ်းစ်ကို  အနီကတ်ဖြင့်ထုတ်ပယ်ခဲ့သည့်အပြင် ပယ်နယ်တီကန်သွင်းခွင့်ပါပေးခဲ့သည့်အတွက် ချယ်လ်ဆီးအသင်း ကစားသမား များက  ကွင်းလယ် ဒိုင်လူကြီးတေလာ၏ ဆုံးဖြတ်ချက်ကို   စောဒကတက်ခဲ့သောကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ကစားသမား များကို ထိန်းသိမ်းမှုအားနည်းခဲ့သည့် အချက်ဖြင့် စွဲချက်တင်ခဲ့ပြီးနောက် အင်္ဂလန်ဘောလုံး အဖွဲ့ချုပ်၏ အပိုဒ် ၂၀ ပါစည်းမျဉ်းဖြင့်  ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင်    အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ကွင်းလယ်ဒိုင်လူကြီးများအား ပြင်းထန်စွာစောဒက တက်မှုများကို စည်းမျဉ်းသတ်မှတ် ကာ တားမြစ်ထားပြီး ချယ်လ်ဆီးအသင်းမှ ကစားသမားများအနေဖြင့် အဆိုပါစည်းမျဉ်းနှင့်ငြိစွန်းခဲ့သည့်အတွက် ချယ်လ်ဆီး အသင်းကို စတာလင်ပေါင်   ၂၅၀၀၀ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း  သိရသည်။                         

Ref;90Min