စီရော်နယ်ဒို မန်ယူအသင်းနှင့် ပွဲဦးထွက်ပွဲစဉ်တွင် နှစ်ဂိုးသွင်းယူနိုင်ပြီး ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် နှစ်ဂိုး သွင်းယူနိုင်သည့် ဒုတိယမြောက် အသက်အကြီးဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်
ယခုနှစ် ကစားသမား အပြောင်းအရွှေ့ကာလတွင် ဂျူဗင်တပ်စ် အသင်းမှ မန်ယူအသင်းသို့ တစ်ကျော့ ပြန်လည်ပြောင်းရွှေ့လာသည့် စီရော်နယ်ဒိုသည် အသင်းနှင့် ပွဲဦးထွက် ပွဲစဉ်အဖြစ် စက်တင်ဘာ ၁၁ ရက်က ကစားသည့် မန်ယူအသင်းနှင့် နယူးကာဆယ် အသင်းတို့ပွဲစဉ်တွင် ပါဝင်ကစားခဲ့ပြီး အသင်းအတွက် သွင်းဂိုး နှစ်ဂိုးသွင်းယူနိုင်ခဲ့၍ ပရီးမီးယားလိဂ် ပြိုင်ပွဲသမိုင်းတစ်လျှောက် နှစ်ဂိုးသွင်းယူနိုင်သည့် ဒုတိယမြောက် အသက်အကြီးဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် မန်ယူအသင်းက အိမ်ကွင်း၌ နယူးကာဆယ် အသင်းကို ၄ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိပြီး စီရော်နယ်ဒိုက ပွဲချိန် ၄၅ မိနစ်နှင့် ၆၂ မိနစ်တို့တွင် ဂိုးသွင်းယူ ပေးနိုင်ခဲ့ခြင်းဖြစ်သည်။
ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ပွဲစဉ်တစ်ပွဲ အတွင်း နှစ်ဂိုးသွင်းယူနိုင်သည့် အသက်အကြီးဆုံး ကစားသမားအဖြစ် ဘန်လေအသင်း ကစားသမား ဟောင်း ဂရေဟမ်အလက်ဇန်းဒါးက ၃၈ နှစ်နှင့် ၁၈၂ ရက်ဖြင့် ၂ဝ၁ဝ ပြည့်နှစ်က စံချိန်တင် ထားနိုင်ခဲ့သည်။
ယခုအခါ စီရော်နယ်ဒိုက နယူးကာဆယ်အသင်းနှင့် ပွဲစဉ်၌ ပါဝင်ကစားခဲ့ချိန်တွင် အသက် ၃၆ နှစ်နှင့် ၂၁၈ ရက်ရှိနေပြီဖြစ်ပြီး ဂရေဟမ်အလက်ဇန်းဒါး ပြီးနောက် နှစ်ဂိုး သွင်းယူနိုင်သည့် ဒုတိယမြောက် အသက်အကြီးဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။
အလားတူ စီရော်နယ်ဒိုသည် မန်ယူအသင်း သမိုင်းတစ်လျှောက် ဂိုးသွင်းယူနိုင်ခဲ့သည့် ဒုတိယမြောက် အသက်အကြီးဆုံး ကစားသမားအဖြစ် ရိုင်ယန်ဂစ်နောက်တွင် မှတ်တမ်းဝင်ခဲ့သည်။ မန်ယူအသင်း သမိုင်းတစ်လျှောက် ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် အသက်အကြီးဆုံး ကစားသမားအဖြစ် ရိုင်ယန်ဂစ်က ၃၉ နှစ် နှင့် ၈၆ ရက်ဖြင့် စံချိန်တင်ထားခဲ့ခြင်းဖြစ်ပြီး ယခုအခါ စီရော်နယ်ဒိုကလည်း ၃၆ နှစ်နှင့် ၂၁၈ ရက်ဖြင့် အသင်းသမိုင်း တစ်လျှောက် ဒုတိယမြောက် အသက်အကြီးဆုံး ဂိုးသွင်းယူနိုင်ခဲ့သည့် ကစားသမား အဖြစ်ပါ မှတ်တမ်းဝင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။