အက်စ်တွန်ဗီလာ အသင်းကို အနိုင်ရရှိပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် နိုင်ပွဲ ၆ဝဝ ပြည့်မြောက်သည့် ဒုတိယမြောက် အသင်းအဖြစ် ချယ်လ်ဆီး အသင်းစံချိန်တင်

အက်စ်တွန်ဗီလာ အသင်းကို အနိုင်ရရှိပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် နိုင်ပွဲ ၆ဝဝ ပြည့်မြောက်သည့် ဒုတိယမြောက် အသင်းအဖြစ် ချယ်လ်ဆီး အသင်းစံချိန်တင်

ပရီးမီးယားလိဂ်ပွဲစဉ်(၄)အဖြစ် ချယ်လ်ဆီးအသင်းနှင့် အက်စ်တွန်ဗီလာ အသင်းတို့ ကစားခဲ့သည့်ပွဲစဉ်တွင် ချယ်လ်ဆီးအသင်းက  ၃ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် နိုင်ပွဲ ၆ဝဝ ပြည့်မြောက်သည့် ဒုတိယမြောက် အသင်းအဖြစ် စံချိန်တင်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် ချယ်လ်ဆီးအသင်းက ပွဲချိန် ၁၅ မိနစ်၊ ၄၅ မိနစ်နှင့် မိနစ် ၉ဝ တို့တွင်သွင်းယူခဲ့သည့် သွင်းဂိုးများဖြင့်  အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး  လူကာကူက နှစ်ဂိုး သွင်းယူပေးနိုင်ခဲ့သည်။

ချယ်လ်ဆီးအသင်းသည် နည်းပြတူချယ်လ် တာဝန်ယူ ကိုင်တွယ်ခဲ့ပြီးနောက်  ရလဒ်ကောင်းများ  ဆက်တိုက်ရရှိခဲ့ကာ  ပြီးခဲ့သည့် ဘောလုံးရာသီက လိုအပ်ချက်များ ရှိနေသည့်  အသင်းတိုက်စစ်ပိုင်းကို ပြင်ဆင်ရန် လူကာကူအား  ခေါ်ယူကာ အင်အားဖြည့်တင်းခဲ့ပြီးနောက်    ချန်ပီယံဆုအတွက်   စိန်ခေါ်နိုင်သည့် အသင်းတစ်သင်းအဖြစ် သတ်မှတ်ခံထားရသည်။

လက်ရှိ အင်္ဂလန်ကလပ်အသင်းများတွင်   နိုင်ပွဲ ၆ဝဝ ပြည့်မြောက်ခဲ့သည့် ပထမဆုံး အသင်းအဖြစ် မန်ယူအသင်းက  ၂ဝ၁၈  ခုနှစ်က   မစ်ဒယ်ဘရော့ အသင်းကို အနိုင်ရရှိသည့် ပွဲစဉ်အပြီးတွင် စံချိန်တင်နိုင်ခဲ့ခြင်းဖြစ်ပြီး   ယခုအခါ   ချယ်လ်ဆီးအသင်းကလည်း နိုင်ပွဲ ၆ဝဝ ပြည့်မြောက်ခဲ့သည့် ဒုတိယမြောက် အသင်းအဖြစ် စံချိန်တင်ခဲ့ခြင်းဖြစ်သည်။ ချယ်လ်ဆီး အသင်းသို့  တစ်ကျော့ပြန်လည် ပြောင်းရွှေ့လာသည့် လူကာကူသည် အသင်းနှင့် အကောင်းဆုံး ခြေစွမ်းပြလျက်ရှိပြီး    အက်စ်တွန်ဗီလာ အသင်းနှင့်ပွဲစဉ်တွင်   နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် သွင်းဂိုးအများဆုံး ကစားသမားဆုအတွက်  ရေပန်းစားမှု  ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရသည်။