မင်းဘူး(စကု)မြို့နယ် ကြာကန်ကျေးရွာအုပ်စု ပေါက်ကုန်းကျေးရွာနေသူများသည် တောင်သူ လုပ်ငန်းဖြင့် သီးနှံစိုက်ပျိုးအသက်မွေးကြပြီး တစ်ဖက်တစ်လမ်းမှ ဝါးတောင်းရက် လုပ်ခြင်းဖြင့် ဝင်ငွေရှာကြရာယခုကာလတွင် ဝါးတောင်းရောင်းအား မကောင်းသော်လည်း အဆင်ပြေကြကြောင်း သိရသည်။ ပေါက်ကုန်းကျေးရွာ တစ်ရွာလုံး ကလေး၊ လူကြီး ဝါးတောင်းရက်ခြင်းကိုတတ်ကျွမ်းကြသည်။ ဝါးတောင်းရက်လုပ်ရာတွင် လိုအပ်သည့် ဝါးနှင့် ကြိမ်ကို မင်းဘူးမြို့မှဝယ်ယူရက်လုပ်ကြသည်။ ဝါးတစ်လုံး ငွေကျပ် ၅၀၀၊ ကြိမ် ၅၀ ပါ တစ်စည်းလျှင် ငွေကျပ်၁၀၀၀၀ ပေးဝယ်ကြရသည်။ ဝါးတောင်း တစ်မျိုးတည်းကိုသာ အဓိက ထားရက်လုပ်ကြပြီး ရောင်းဈေးမှာ တောင်းအကြီး၊ အသေးအလိုက် ငွေကျပ် ၂၀၀၀၊ ၂၅၀၀၊ ၃၀၀၀ စသည်ဖြင့် ဈေးအမျိုးမျိုးရှိသည်။ ဝါးတောင်းအပြင် ဝါး၊ နှီးနှင့်ဆက်နွှယ်သည့် အခြားပစ္စည်းများလည်း မှာသူရှိပါက ပြုလုပ်ရောင်းချပေးကြသည်။ ကြက်အုပ်ဆောင်း၊ ထမင်းအုပ်ဆောင်း၊ဆန်ကော၊ ဆန်ခါ၊ ရိုင်ပတ်၊ အမှိုက်တောင်း၊ တစ်ရှူးဘောက်၊ ဘောပင်ခွက်၊ မှန်တင်စင်၊ ဓာတ်ပုံတင်စင် စသည်ဖြင့် ဝါး၊ နှီးနှင့် ပတ်သက်သည့် ပစ္စည်းစုံ ရောင်းချပေးကြောင်း ပေါက်ကုန်းကျေးရွာ ဝါးတောင်းရက် လုပ်ရောင်းချသူ ဒေါ်ချိုထံမှ သိရသည်။
ဇေယျာထက်(မင်းဘူး)