အမေရိကန်နိုင်ငံ၌ ကျင်းပမည့် Symetra Tour ဂေါက်သီးရိုက် ပြိုင်ပွဲတွင် ဖူးပွင့်ရတီခိုင် ဝင်ရောက် ယှဉ်ပြိုင်မည်

အမေရိကန်နိုင်ငံ၌ ကျင်းပမည့် Symetra Tour ဂေါက်သီးရိုက် ပြိုင်ပွဲတွင် ဖူးပွင့်ရတီခိုင် ဝင်ရောက် ယှဉ်ပြိုင်မည်

နေပြည်တော် စက်တင်ဘာ  ၁၅

မြန်မာဂေါက်သီးရိုက် အားကစားမယ် ဖူးပွင့်ရတီခိုင် သည်  အမေရိကန်နိုင်ငံ၌ပြုလုပ်မည့်   Symetra Tour ၏ Guardian Championship ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။  ယင်းပြိုင်ပွဲကို စက်တင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ Capitol Hill Golf Club  (Prattville, Alabama) ၌ ပြုလုပ်သွားမည်ဖြစ်သည်။  

ဖူးပွင့်ရတီခိုင်သည် ၂ဝ၂၁ ခုနှစ် မေ ၃ ရက်မှ ၅ ရက်အထိ ကျင်းပသည့် PGA WORKS Collegiate Championship Women's Individual ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သဖြင့်  Symetra Tour ၏ Guardian Championship ဂေါက်သီးရိုက်ပြိုင်ပွဲတွင် လက်ရည်စစ်ပွဲ ကစားစရာမလိုဘဲ တိုက်ရိုက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။             

Symetra Tour မှာ အမေရိကန်နိုင်ငံ၏ အမြင့်ဆုံး အမျိုးသမီး ဂေါ့ဖ်ပြိုင်ပွဲဖြစ်သော LPGA Tour လက်အောက်ရှိပြိုင်ပွဲတစ်ခု ဖြစ်ပြီး လူငယ်အမျိုးသမီး ဂေါ့ဖ်ကစားသမားများ အတွက် ကျင်းပပေးသည့် ပြိုင်ပွဲဖြစ်သည်။  ဖူးပွင့်ရတီခိုင်  ချန်ပီယံဖြစ်ခဲ့သည့် PGA WORKS Collegiate Championship Women's ဂေါ့ဖ်ပြိုင်ပွဲတွင် အမေရိကန် နိုင်ငံရှိ   တက္ကသိုလ်များမှ ဖိတ်ကြားထားသော ဂေါ့ဖ်အားကစားမယ်များ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ဖူးပွင့်ရတီခိုင်က သုံးရက်ပေါင်း ရိုက်ချက် ၂၁၈ ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် နှစ်ချက်ပိုရိုက်ကာ ချန်ပီယံဆု ရရှိခဲ့ခြင်းဖြစ်သည်။

ဖူးပွင့်ရတီခိုင်သည် အမေရိကန်နိုင်ငံရှိ University of North Carolina Wilmington(UNCW) တွင် ပညာသင်ကြားနေသော ကျောင်းသူတစ်ဦးဖြစ်ပြီး  အမေရိကန်၌ ကျင်းပသည့် ဂေါက်သီးရိုက်ပြိုင်ပွဲများကို အခါအားလျော်စွာ ဝင်ရောက်ယှဉ်ပြိုင်လျက် ရှိကာ ၂ဝ၁၉ ခုနှစ်က ကျင်းပခဲ့သည့် CAA Women's Golf Championship ပြိုင်ပွဲတွင်လည်း ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့သည်။

ယခုဝင်ရောက် ယှဉ်ပြိုင်မည့်  Guardian Championship ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ကစားသမား ၁၂ဝ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဆုကြေးငွေ အနေဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၇၅ဝဝဝ (တစ်သိန်းခုနစ်သောင်းငါးထောင်) ချီးမြှင့်မည် ဖြစ်ကြောင်း၊ ဖူးပွင့်ရတီခိုင်သည် (Amateur)အဆင့်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်မှ သိရသည်။