COVID-19 ရောဂါ အခြေအနေကြောင့် ရန်ကုန်မြို့ရှိ သစ်သားပန်းပုလုပ်ငန်းများ အခက်အခဲ များတွေ့ကြုံနေရပြီး လုပ်ငန်းရပ်ဆိုင်းလုနီးပါး ဖြစ်နေကြောင်း လက်မှုပစ္စည်း လုပ်ကိုင်သူ များထံ မှ သိရသည်။
”ပုံမှန်က မိုးရာသီဆို အော်ဒါမှာယူမှု နည်းပါး တတ်ပါတယ်။ COVID-19 ရောဂါစဖြစ်တဲ့ ဧပြီလလောက်ကစပြီး ပန်းပုလုပ်ငန်းတွေ အခက်အခဲဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာ နည်းနည်း လေး အခြေအနေ ပြန်ကောင်းလာပေမယ့် လက်ရှိမှာ ပြည်တွင်းကူးစက်မှုပြန်ဖြစ်လာတော့ အော်ဒါ တွေလည်းမလာတော့ဘူး။ ဧပြီလလောက်ကထက် စီးပွားရေးအခြေအနေက ပိုဆိုး လာတယ်။ ပြည်တွင်းကူးစက်မှုဖြစ်နေတော့ ဘယ်သူမှ မသွားမလာကြဘဲ ပစ္စည်းမှာယူမှုတွေ လည်းမရှိတော့ ဝမ်းရေးအတွက် အခက်အခဲရှိလာတယ်။ ဒီလလယ်အထိ တောင့်ခံပြီး ဆက်လုပ်မယ်။ ဒါမှ အဆင်မပြေရင်တော့ ဆိုင်ပိတ်လိုက်ဖို့ပဲရှိတယ်”ဟု ဗဟန်းမြို့နယ် ကြားတောရလမ်း၌ ဆိုင်ဖွင့်ထားသော သစ်သားပန်းပုလုပ်ငန်းရှင် ဦးသန်းအေးကပြောသည်။
ထိုသို့သော သစ်သားပန်းပု လုပ်ငန်းများတွင် အော်ဒါမှာယူသည့် ပုံစံပေါ်မူတည်ကာပြုလုပ် ပေးရပြီး ပုံမှန်အားဖြင့် အော်ဒါမှာသူများမှာ ဧရာဝတီတိုင်း ဒေသကြီးဘက်မှ ဖြစ်ကာ ဗုဒ္ဓ ရုပ်ပွားတော်များ၊ နတ်ရုပ်များ စသည့် ဘာသာရေးနှင့်ဆိုင်သော ပစ္စည်းများကို ထုလုပ်ပေးရ ကြောင်း သိရသည်။
ယခုအခါ သစ်သားပန်းပုနှင့်ပတ်သက်၍ အော်ဒါအပ်သူ မရှိသလောက်ဖြစ်နေပြီး ယခင်က စရန်ပေးကာ အပ်ထားသူများပင် ပြန်ယူမည့်ရက်ကို နောက်ဆုတ်ညှိနှိုင်း လာကြကြောင်းနှင့် ပန်းပုလုပ်သားများ နေ့စဉ်ဝင်ငွေရရန် ခက်ခဲလာကြောင်း သိရသည်။
ထက်ခိုင်(စမ်းချောင်း)