မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ငါးခု၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့်အတွက် ရေဘေးကယ်ဆယ်ရေး စခန်း ၁၉ဝ ကျော် ဖွင့်လှစ်ကာ အိမ်ထောင်စု ၁၆ဝဝဝ ကျော် ပြောင်းရွှေ့နေထိုင်ရကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။
''မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တို့မှာ ရေဘေးကယ်ဆယ်ရေး စခန်း ၁၉ဝ ကျော်လောက် ဖွင့်လှစ်ထားပါတယ်။ အိမ်ထောင်စု အနေနဲ့ဆိုရင် ၁၆ဝဝဝ ကျော်ရှိပြီး လူဦးရေ ၆၇ဝဝဝ ကျော် ပြောင်းရွှေ့နေထိုင်နေပါတယ်။ ရေဘေးတိမ်းရှောင်ရတဲ့ ပြည်သူတွေကို ဆန်နဲ့တခြားရိက္ခာတွေ ပံ့ပိုးပေးပါတယ်။ နောက်ပြီး COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလဖြစ်တဲ့ အတွက် နှာခေါင်းစည်းတွေ ပေးဝေပါတယ်။
ဒါ့ပြင် တခြားလိုအပ်တာတွေကိုလည်း ပံ့ပိုးပေးပါတယ်'' ဟု အဆိုပါ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်း ကပြောသည်။
ရေဘေးကူညီပံ့ပိုးမှုအဖြစ် ဇူလိုင် ၁၁ ရက်မှ သြဂုတ် ၃ ရက်အထိ ငွေကျပ်သန်း ၁၇ဝ နီးပါးပံ့ပိုးပေးပြီး ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်နှင့် တခြားသော ဘေးအန္တရာယ်များ တွေ့ကြုံပါက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဖုန်း-ဝ၆၇-၃၄ဝ၃၆၆၆ နှင့် ဝ၆၇-၃၄ဝ၃၇၇၇ တို့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။