တံကောက်ကြော ဒဏ်ရာကြောင့် တိုက်စစ်မှူးဖာမင်နို လာမည့်ပွဲစဉ် သုံးပွဲခန့်အထိ လွဲချော်မည်ဟု လီဗာပူးအသင်းနည်းပြ ဂျာဂန်ကလော့ပ် အတည်ပြု
လီဗာပူးအသင်းမှ တိုက်စစ်မှူး ဖာမင်နိုအနေဖြင့် ဒဏ်ရာသက်သာခြင်း မရှိသေးသည့်အတွက် အသင်း နှင့် လာမည့်ပွဲစဉ် သုံးပွဲခန့်အထိ ထပ်မံလွဲချော်မည်ဟု လီဗာပူးအသင်းနည်းပြ ဂျာဂန်ကလော့ပ်က အတည်ပြု ပြောဆိုခဲ့ကြောင်း သိရသည်။
ဖာမင်နိုသည် သြဂုတ် ၂၈ ရက်က လီဗာပူးအသင်း နှင့် ချယ်လ်ဆီးအသင်းတို့ ကစားသည့် ပွဲစဉ်တွင် တံကောက်ကြောဒဏ်ရာ ရရှိပြီးနောက် အနားယူခဲ့ရပြီး အစောပိုင်းက ဒဏ်ရာမှာ ပြင်းထန်မှုမရှိဟု ထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်းတွင် ထင်မှတ်ထားသည်ထက် ပိုမိုဆိုးရွားနေသည့် အတွက် ယခုလကုန်ပိုင်း အထိ အနားယူရဖွယ် ရှိနေခြင်းဖြစ်သည်။
ဖာမင်နိုအနေဖြင့် တံကောက်ကြောဒဏ်ရာကြောင့် နိုင်ငံတကာ ပွဲစဉ်များနှင့် လွဲချော်ခဲ့ရသကဲ့သို့ လက်ရှိ တွင် တစ်ဦးတည်း သီးခြားလေ့ကျင့်ခန်းသာ ပြုလုပ်နိုင်ပြီး အသင်းလိုက်စခန်းသွင်း လေ့ကျင့်မှုများတွင် မပူးပေါင်းနိုင်သေးကြောင်း သိရသည်။
နည်းပြကလော့ပ်က''ဖာမင်နိုဒဏ်ရာက ကျွန်တော် တို့ထင်ထားတာထက် ဆိုးရွားနေပြီး လက်ရှိအချိန်ထိ အသင်းနဲ့ ပူးပေါင်းလေ့ကျင့်မှုတွေ မလုပ်ဆောင်နိုင် သေးပါဘူး။ အခုလကုန်ပိုင်းလောက် အထိတော့ အနားယူရမှာဖြစ်လို့ လာမယ့်ပွဲစဉ် သုံးပွဲလောက်တော့ လွဲချော်ပါလိမ့်မယ်'' ဟုပြောသည်။