ဒေါ့မွန်အသင်း တိုက်စစ်မှူးဟာလန်း အသင်းမှ ထွက်ခွာပါက ၎င်း၏နေရာတွင် မန်ယူအသင်းက ရောင်းချရန် ကြေညာထားသည့် မာရှယ်လ်နှင့် အစားထိုးရန် ပြင်ဆင်နေ
ဒေါ့မွန်အသင်းအနေဖြင့် အနာဂတ် မရေမရာဖြစ်နေသည့် အဓိကတိုက်စစ်မှူး ဟာလန်း အသင်းမှ ထွက်ခွာပါက ၎င်း၏နေရာတွင် အစားထိုးရန်အတွက် မန်ယူအသင်းက ရောင်းချရန် ကြေညာထားသည့် မာရှယ်လ်ကို ဦးစားပေး ပစ်မှတ်အဖြစ် ခေါ်ယူနိုင်ရေး ပြင်ဆင်လျက် ရှိကြောင်း သိရသည်။
ဒေါ့မွန်အသင်းသည် ဟာလန်းကို ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ကာလက လေးနှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး အသင်းနှင့် စာချုပ်သက်တမ်း ကျန်ရှိနေသော်လည်း ဥရောပ ထိပ်တန်း ကလပ်အသင်းကြီး အများစုက ခေါ်ယူရန် အပြိုင်ကမ်းလှမ်း လာဖွယ်ရှိနေသည့်အတွက် လက်လွှတ်ရမည့် အရေးနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။
ပြီးခဲ့သည့် နွေရာသီကစားသမား အပြောင်းအရွှေ့ ကာလကတည်းက ဟာလန်းကို ဥရောပထိပ်တန်း အသင်းကြီးများက အပြိုင်ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ကြသော်လည်း ဒေါ့မွန်အသင်းက မရောင်းချလိုသည့် အတွက် မြင့်မားသည့် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ထိန်းချုပ်ပြီး အသင်းတွင် ဆက်လက် ထိန်းထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ဒေါ့မွန်အသင်းနှင့် ဟာလန်းတို့ ချုပ်ဆိုထားသည့် စာချုပ်ပါ အချက်အလက်များအရ ၂ဝ၂၂ ခုနှစ် ဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ကာလတွင် ပြောင်းရွှေ့ကြေး ယူရို ၆၅ သန်းဖြင့် ခေါ်ယူခွင့်ရှိသည် ဟုပါရှိသဖြင့် လာမည့် ဇန်နဝါရီ ကစားသမားအပြောင်းအရွှေ့ ကာလတွင် ဟာလန်းကို မဖြစ်မနေ လက်လွှတ် ရဖွယ်ရှိနေခြင်းဖြစ်သည်။
မန်ယူအသင်းကလည်း လာမည့်ဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ ကာလတွင် ကစားသမားခုနစ်ဦး ခန့်အထိ ရောင်းချရန် ပြင်ဆင်နေပြီး ရောင်းချမည့် ကစားသမားများတွင် မာရှယ်လ် ပါဝင်ကြောင်း သိရသည်။
Ref;Bild