ဘောလုံးသမိုင်းတစ်လျှောက် ပွဲကစားချိန် မိနစ်တိုင်း ဂိုးသွင်းယူနိုင်သည့် တတိယမြောက် ကစားသမားအဖြစ် အက်သလက်တီကို အသင်း တိုက်စစ်မှူး ဆွာရက်ဇ် မှတ်တမ်းဝင်
ဘောလုံးသမိုင်း တစ်လျှောက် ပွဲကစားချိန် မိနစ်တိုင်းတွင် ဂိုးသွင်းယူနိုင်သည့် တတိယမြောက် ကစားသမားအဖြစ် အက်သလက်တီကိုအသင်း တိုက်စစ်မှူး ဆွာရက်ဇ် မှတ်တမ်း ဝင်ခဲ့ကြောင်း သိရသည်။
အသက် ၃၄ နှစ်အရွယ် ဆွာရက်ဇ်သည် စပိန်လာလီဂါ ပွဲစဉ်(၆)အဖြစ် အက်သလက်တီကို အသင်းနှင့် ဂီတာဖေးလ်အသင်းတို့ ယှဉ်ပြိုင် ကစားသည့်ပွဲစဉ်၌ ပွဲချိန် ၇၈ မိနစ်တွင် ချေပဂိုးနှင့် ပွဲချိန် ၉၁ မိနစ်တွင် အနိုင်ဂိုးသွင်း ယူနိုင်ပြီးနောက် ၎င်း၏ကစားသမားသက်တမ်းတစ်လျှောက် ပွဲကစားချိန် မိနစ်တိုင်းတွင် ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
ဆွာရက်ဇ်သည် ၎င်း၏ ကစားသမားသက်တမ်း တစ်လျှောက် ဥရုဂွေးအသင်း၊ လီဗာပူးအသင်း၊ ဘာစီလိုနာအသင်းနှင့် အက်သလက်တီကို အသင်းတို့တွင် ကစားခဲ့ပြီး သာမန်ပွဲကစားချိန်များ ဖြစ်သည့် ပွဲချိန် ၁ မိနစ်မှ စတင်ပြီး နာကျင်အချိန်ပို အပါအဝင် ပွဲချိန် ၉၇ မိနစ်အထိ ပွဲကစားချိန် မိနစ်တိုင်းတွင် ပွဲချိန် ၇၈ မိနစ်နှင့် ပွဲချိန် ၉၁ မိနစ်တို့တွင်သာ ဂိုးမသွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး ဂီတာဖေးလ်အသင်းနှင့် ပွဲစဉ်၌ ပွဲချိန် ၇၈ မိနစ်နှင့် ပွဲချိန် ၉၁ မိနစ်တို့တွင် တိုက်ဆိုင်စွာ ဂိုးသွင်းယူနိုင်ပြီးနောက် ကစားသမား သက်တမ်း တစ်လျှောက် ပွဲကစားချိန် မိနစ်တိုင်းတွင် ဂိုးသွင်းယူနိုင်သည့် ကစားသမားအဖြစ် မှတ်တမ်းဝင်ခြင်းဖြစ်သည်။
ဆွာရက်ဇ်မတိုင်မီက ဘောလုံးလောကအတွင်း ပွဲကစားချိန်မိနစ်တိုင်းတွင် ဂိုးသွင်းယူနိုင်သည့် ပထမဆုံး ကစားသမားအဖြစ် လက်ရှိ မန်ယူအသင်း တိုက်စစ်မှူး စီရော်နယ်ဒိုက ၂ဝ၁၄ ခုနှစ်က ရီးယဲလ်မက်ဒရစ် အသင်းနှင့် အက်သလက်တီကို အသင်းတို့ ကစားသည့် ပွဲစဉ်၌ ပွဲချိန် ၇၈ မိနစ်တွင် ပယ်နယ်တီမှ တစ်ဆင့် သွင်းဂိုး သွင်းယူနိုင်ပြီးနောက် ဘောလုံးသမိုင်းတစ်လျှောက် ပွဲကစားချိန်မိနစ်တိုင်းတွင် ဂိုးသွင်းယူနိုင်သည့် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်း ဖြစ်သည်။
စီရော်နယ်ဒိုပြီးနောက် လက်ရှိ အေစီမီလန်အသင်း ဝါရင့်တိုက်စစ်မှူး အီဗရာဟီမိုဗစ်ချ် ကလည်း ၂ဝ၁၄ ခုနှစ်ကပင် နိုင်ငံတကာ ပွဲစဉ်အဖြစ် ဆွီဒင်အသင်းနှင့် အက်စ်တိုးနီးယား အသင်းတို့ ကစားသည့်ပွဲစဉ်၌ ဆွီဒင်အသင်းအတွက် ပွဲချိန် ၂၄ မိနစ်တွင် ဂိုးသွင်းယူနိုင်ပြီးနောက် ၎င်း၏ကစားသမား သက်တမ်းတစ်လျှောက် ပွဲကစားချိန် မိနစ်တိုင်း ဂိုးသွင်းယူနိုင်သည့် ဒုတိယမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ယခုအခါ ဆွာရက်ဇ်ကလည်း ပွဲကစားချိန် မိနစ်တိုင်း ဂိုးသွင်းယူနိုင်သည့် တတိယမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဆွာရက်ဇ်သည် ယခုဘောလုံး ရာသီတွင်လည်း အသင်းနှင့် အကောင်းဆုံး ခြေစွမ်းပြနေကာ ခုနစ်ပွဲ ကစားပြီး သုံးဂိုးသွင်းယူ ထားကြောင်း သိရသည်။
Ref;Give Me Sports