မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ဆေးဝါးနှင့် အခြေခံစားသောက်ကုန်ရောင်းချသည့် ဆိုင်များမှလွဲ၍ ဈေးအားလုံးယာယီပိတ်သိမ်းရန်စီစဉ်

COVID-19 ရောဂါထိန်းချုပ်ကာကွယ်ရေးဆောင်ရွက်နေစဉ် ကာလအတွင်း မင်္ဂလာ တောင်ညွန့်မြို့နယ်၌ ဆေးဝါးနှင့် အခြေခံစားသောက်ကုန် ရောင်းချသည့် ဆိုင်များမှလွဲ၍ ဈေးအားလုံး ယာယီပိတ်သိမ်းရန် စီစဉ်လျက်ရှိကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်   တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်  ဦးလှဌေး၏ပြောဆိုချက်အရ သိရသည်။

“စားသောက်ကုန်နဲ့ ဆေးဝါးတွေပဲ ဖွင့်လှစ်ခွင့်ပေးတော့မယ်။ ကျန်တဲ့မလိုအပ်တဲ့ဆိုင်တွေ Stay Home ကာလမှာ ယာယီပိတ်ထားရမယ်။ ညွှန်ကြားချက်ကိုတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တိုက်ရိုက် ညွှန်ကြားပေးမှာပါ”ဟု တိုင်းဒေသကြီး လွတ်တော် ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။ အဆိုပါအစီစဉ်တွင် မင်္ဂလာ တောင်ညွန့် မြို့နယ်အတွင်းရှိ ယုဇနပလာဇာဈေး၊ မင်္ဂလာဈေး(ယာယီ)၊ မင်္ဂလာမွန်ဈေး၊ ရွှေမင်္ဂလာဈေး၊ မင်္ဂလာဈေးသစ် စသည့်ဈေးများ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။

“အဓိကက နှာခေါင်းစည်းတပ်ဖို့၊ Hand Gel တွေထားရှိဖို့ပါ။ သတ်မှတ်စည်းကမ်း မလိုက်နာ ရင်တော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကနေ ငွေဒဏ် သတ်မှတ်ထား ပါတယ်။ တစ်ကြိမ်၊ နှစ်ကြိမ် ထပ်ပြီးကျူးလွန်ရင်တော့ ဆိုင်ပိတ်တဲ့အထိ အရေးယူမယ်”ဟု မင်္ဂလာ တောင်ညွန့်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။ ထို့ပြင် ဈေးအတွင်းသို့ဝင်ရောက်သူများကိုလည်း နှာခေါင်းစည်းတပ်ဆင်ပြီး မှသာ ဝင်ရောက်စေသည့်အပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ  ဝန်ထမ်းများအနေဖြင့် ဈေးအတွင်း လိုက်လံစစ်ဆေးအသိပညာပေးနေကြောင်း သိရသည်။

မတ် ၃၁ ရက်မှစ၍  ယင်းမြို့နယ်ရှိဈေးများ၌ ဆေးဝါးနှင့် အခြေခံစားသောက် ကုန်မှလွဲ၍ တခြားပစ္စည်းများ ရောင်းချနေသည့် ဈေးဝယ်စင်တာကြီးများကို ယာယီ ပိတ်ထားခဲ့ပြီး ယုဇန ပလာဇာဈေးအပါအဝင် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မင်္ဂလာဈေး(ယာယီ)၊ ရွှေမင်္ဂလာ ဈေးနှင့် မင်္ဂလာဈေးသစ်တို့ကို မေ ၁၆ ရက်က ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့ကြောင်း သိရသည်။

ကျော်ကို