မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် လက်ရှိတင်ပြထားသည့် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံခန့်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။ လက်ရှိတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံခန့်တင်ပြထားသည့်အပြင် ထပ်မံဝင်ရောက်ရန် တင်ပြထားသော ပရောဂျက်တချို့ရှိကြောင်း သိရသည်။
အဆိုပါတင်ပြထားသည့် ရင်းနှီးမြှုပ်နှံမှုများတွင် စက်မှုဇုန်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ အိမ်ရာ ကဏ္ဍနှင့် တခြားလုပ်ငန်းများမှဖြစ်ပြီး စင်ကာပူ၊ ထိုင်း၊ တရုတ်၊ တောင်ကိုရီးယား၊ အိန္ဒိယနှင့် နယ်သာလန် စသည့်နိုင်ငံတို့မှ တင်ပြထားခြင်းဖြစ်သည်။ အဆိုပါလုပ်ငန်းများကို ယခုဘဏ္ဍာ နှစ်အတွင်းပါဝင်နိုင်ရန် မကြာမီ ထပ်မံစိစစ်ခွင့်ပြုမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွက် ရင်းနှီးမြှုပ်နှံမှုဝင်ရောက်ရန် လျာထားချက် အမေရိကန် ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံဖြစ်ပြီး စက်တင်ဘာ ၄ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံခန့် ရရှိပြီးဖြစ်သည်။ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာ နှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၄ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု အတည်ပြုပေးခဲ့မှုမှာ လုပ်ငန်း ၂၃၄ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံခန့်ရှိကြောင်း သိရသည်။
kaykay