စပျစ်ဈေးနှုန်းကျဆင်းနေပြီး တင်ပို့ရာတွင်လည်း အခက်အခဲတချို့ရှိနေ

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်မှ နယ်စုံသို့ စပျစ်တင်ပို့ရာတွင် ကုန်တင်ယာဉ် များအပြင် အဝေးပြေးယာဉ်များဖြင့် တင်ပို့လျက်ရှိရာ လက်ရှိတွင် စပျစ်ဈေးနှုန်းကျဆင်း နေပြီး CVID-19 ရောဂါအခြေအနေကြောင့် ယာဉ်လိုင်းပြေးဆွဲမှု နည်းပါးလာသည့်အတွက် တင်ပို့ရာတွင်လည်း အခက်အခဲတချို့ ရှိလာကြောင်း ရမည်းသင်းမြို့နယ် ဆေးပုလဲကုန်း ကျေးရွာမှ ပုလဲစပျစ်ခြံပိုင်ရှင် ဦးလှိုင်ထွန်း၏ပြောပြချက်အရ သိရသည်။

“ဈေးကွက် နည်းနည်းအေးနေပြီး လမ်းကြောင်းတွေလည်း အခက်အခဲဖြစ်နေတယ်။ ဈေးကျ သွားတယ်။ တင်ပို့လို့မရတဲ့ အနေအထားမျိုးတော့    မဟုတ်ပေမယ့် အခက်အခဲရှိနေတယ်။ အရင်က အဝေးပြေးယာဉ်တွေနဲ့ ပို့ကြတဲ့သူတွေက အခု ယာဉ်လိုင်းအကုန်မပြေးဆွဲကြတော့  သီးသန့်ကားလေးတွေနဲ့ ပို့နေကြတယ်”ဟု ဦးလှိုင်ထွန်းကပြောသည်။

စပျစ်တစ်ပိဿာလျှင် ယခင်က ငွေကျပ်၁၀၀၀ မှ ၁၅၀၀ ကြားရရှိရာမှ လတ်တလောတွင် ငွေကျပ် ၈၀၀ သာရရှိပြီး ဈေးကွက်အေးနေသည်။ ရမည်းသင်းမြို့နယ်မှ ထွက်ရှိသည့် စပျစ်များကို ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပခုက္ကူ၊ရှမ်းပြည်နယ်၊ နတ်မောက်နှင့် မင်းဘူးဒေသ တို့သို့ တင်ပို့လျက်ရှိကြောင်း၊ စပျစ်သည် နေရာဒေသမရွေး စိုက်ပျိုးနိုင်သည့်သီးနှံ တစ်မျိုး ဖြစ်ပြီး ရမည်းသင်းမြို့နယ်သည် စပျစ်အဓိကထွက်ရှိရာ မြို့နယ်ဖြစ်ကြောင်း သိရသည်။

နေနေ