စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်၌ လိုက်ချီးသီးများ အထွက်များနေသော်လည်း ဈေးကွက် နည်းပါးနေသည့်အတွက် စိုက်ပျိုးသူများနှင့် ရောင်းဝယ်သူများ အခက်အခဲရှိ နေကြောင်း လိုက်ချီးသီးစိုက်ပျိုး ရောင်းဝယ်သူများထံမှ သိရသည်။ ကလေးဒေသတွင် လိုက်ချီးသီးကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးမှုများပြားပြီး ထွက်ရှိလာသည့် လိုက်ချီးသီးများကို ချင်းပြည်နယ်သို့ လည်းကောင်း၊ မြန်မာ-အိန္ဒိယနယ်စပ် မီဇိုရမ်နှင့် မဏိပူရ်ပြည်နယ်တို့သို့ လည်းကောင်း၊ ချင်းတွင်း အထက်ပိုင်းမြို့များသို့ လည်းကောင်း နှစ်စဉ် တင်ပို့ရောင်းချမှုများ ရှိရာ ယခုကာလတွင် ရောင်းဝယ်မှုကို ရပ်ဆိုင်းထားရကြောင်း သိရသည်။
“အပင်ကနေ ကောက်ရောင်းဖို့လည်း ခက်နေသလို လာဝယ်သူလည်းနည်းတယ်။ ကလေးမြို့ ပေါ်မှာရှိတဲ့ သစ်သီးမျိုးစုံရောင်းဝယ်ရေးဆိုင်တွေမှာ တင်ရောင်းတာနဲ့ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်လေး တစ်ဦးစနှစ်ဦးစ ဝယ်ရောင်းတာမျိုးရှိတယ်။ ကျွန်တော့်ခြံထဲမှာ စိုက်ထားတဲ့ လိုက်ချီးသီးတွေဆိုရင် နှစ်တိုင်းအပင်ပြတ် ဝယ်ကြတာမျိုးရှိတယ်။ ဒီနှစ်တော့ ဝယ်သူ မလာဘူး။ အနည်းအကျဉ်းရောင်းရတာမျိုးတော့ရှိတယ်”ဟု လိုက်ချီးသီးစိုက်ပျိုး ရောင်းဝယ် သူ ကိုနေထွန်းလင်းကပြောသည်။
ကလေးဒေသနှင့် ချင်းတောင်ဒေသတို့တွင် လိုက်ချီးသီးကို လက်ဆောင်ပေးရန်အတွက် သော်လည်းကောင်း၊ မိသားစုစားသုံးရန်အတွက် သော်လည်းကောင်း၊ လိုက်ချီးဝိုင်ချက် လုပ်ရာတွင် လည်းကောင်း အသုံးပြုရန် ဝယ်ယူမှုများပြားကြောင်း သိရသည်။ ကလေးဒေသ လိုက်ချီးသီးသည် အပင်မှခူးဆွတ်ချိန်၌ မိုးရွာသွန်းပါက အချိုဓာတ်ပိုမိုရရှိပြီး မိုးဓာတ်မရ သော လိုက်ချီးသီးမှာအချဉ်ဓာတ်များသည်ဟု ပြောဆိုကြကြောင်း၊ ပြီးခဲ့သည့်နှစ်က လိုက်ချီးသီး ပေါ်ချိန်တွင်အပင်ပြတ်ဝယ်ယူမှုရှိပြီး မြန်မာ-အိန္ဒိယနယ်စပ်ဈေးသို့ သွားရောက် ရောင်းချလေ့ရှိကြောင်း၊ ယခင်နှစ်များက သစ်သီးစုံရောင်းချသည့် ဈေးတန်းများအပြင် ကားဂိတ်၊ ဘူတာရုံနှင့် လူစည်ကားရာနေရာများ၌ ရောင်းချမှုများရှိကြောင်း သိရသည်။
ထယ်လ်ဏ