ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား နယ်စပ်ဂိတ် အသီးသီးတွင် ဆက်လက် လက်ခံလျက်ရှိ
နေပြည်တော်၊ စက်တင်ဘာ - ၂၉
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက် ပေးလျက်ရှိရာ စက်တင်ဘာ ၂၈ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၅၁ ဦး၊ အမျိုးသမီး ၆၃ ဦး၊ စုစုပေါင်း ၁၁၄ ဦး၊ လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသမီး ၁ ဦးတို့အား လည်းကောင်း အသီးသီး လက်ခံခဲ့ သည်။
ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်ဆေး တပ်ဖွဲ့ဝင်များကကိုဗစ် - ၁၉ ရောဂါစစ်ဆေးပေး ခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက်အထား စာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားခြင်း တို့ကိုစနစ်တကျ ဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များကူညီဆောင်ရွက်ပေးကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များက စီစဉ်ဆောင်ရွက်ပေးသည့် ခရီးသည်တင် မော်တော်ယာဉ်များဖြင့် ၎င်းတို့နေရပ်အသီးသီးသို့ လိုက်လံပို့ဆောင် ပေးခဲ့ကြောင်းနှင့် ရောဂါပိုးတွေ့ရှိသူများအား သက်ဆိုင်ရာ နေရာများတွင် သီးသန့်ထားရှိ၍ လိုအပ်သည့် ကျန်းမာရေး ဆိုင်ရာများနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။