နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူများသို့ အစီရင်ခံ တင်ပြသည့် မိန့်ခွန်း

ကျွန်မတို့ပြည်သူပြည်သားများ အားလုံး ကျန်းမာချမ်းသာကြပါစေလို့ စတင်ပြီးတော့ ဆုတောင်း မေတ္တာပို့ပါတယ်။ အခုအချိန်မှာကျန်းမာဖို့ အထူးအရေးကြီးတယ်ဆိုတာလည်း အားလုံးနားလည်ပြီးသားလို့ထင်ပါတယ်။ အခု ကိုဗစ်ရောဂါဟာဆိုရင် သြဂုတ်လဝက် လောက်ကနေစပြီးတော့ တစ်ကျော့ပြန်ပြီး ထလာတယ်လို့ပြောလို့ရပါတယ်။ အခုဆိုရင် ရန်ကုန်တိုင်းမှာ အထူးပြန့်ပွားနေပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ကျွန်မ အခုပြောတဲ့အချိန်မှာ ရန်ကုန်က ပြည်သူပြည်သားတွေကို အဓိကထားပြီး ကျွန်မ ပြောသွားမှာပါ။ ရခိုင်မှာ စစ်တွေ ဘက်က နေစတဲ့ရောဂါကို အခု အတော်အတန် ထိန်းနိုင်ပြီလို့ပြောနိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် စည်းမျဉ်းစည်းကမ်းတွေကို ကြပ်ကြပ် မတ်မတ်သတ်မှတ်ပြီးတော့ ပြည်သူလူထုက လိုက်နာလို့ဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်လို့လည်း ကျွန်မအနေနဲ့ ရခိုင်ဝန်ကြီးချုပ် ဦးညီပုနဲ့ တကွ ရခိုင်အစိုးရအဖွဲ့ရောပြည်သူပြည်သားတွေအားလုံးရော ကျေးဇူးတင်တယ်လို့  ပြောချင် ပါတယ်။ ဒီလိုစည်းမျဉ်းစည်းကမ်းတွေကို ကြပ်ကြပ်မတ်မတ်လိုက်နာမယ်ဆိုရင် ကျွန်မတို့ ဒီရောဂါကို မထိန်းနိုင်စရာအကြောင်းမရှိပါဘူး။ အခု ရန်ကုန်တိုင်းနဲ့ပတ်သက်ပြီးတော့လည်း ကျွန်မတို့ စည်းမျဉ်းစည်းကမ်းတွေ ထုတ်ထားပါတယ်။ ဒါကိုတင်းကျပ်တယ်လို့တချို့က ထင်ပါလိမ့်မယ်။ ဒါပေမဲ့လည်းဒီလိုတင်းတင်းကျပ်ကျပ်နဲ့ ကျွန်မတို့နှစ်ပတ်၊သုံးပတ်လောက် လိုက်နာလိုက်မယ်ဆိုရင်ကျွန်မတို့ ဒီရောဂါကို ထိန်းချုပ်နိုင်မယ့် အခြေအနေကို ရောက်လာ မှာပါ။ အဲဒါကြောင့် အားလုံးကနေပြီးတော့ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာကြပါ။  စည်းဆိုကတည်းက စည်းဆိုတာဘာလဲဆိုတာစဉ်းစားပါ။ စည်းဆိုတာ  နံပါတ်(၁)က ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ပဲဖြစ်ပါတယ်။

နောက်ပြီးတော့ အပြင်ကလူတွေကိုလည်း ကာကွယ်ဖို့ဖြစ်ပါတယ်။ ကိုယ်စည်းမျဉ်း စည်းကမ်းကို လိုက်နာခြင်းအားဖြင့် ပထမဦးဆုံး ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရာ ရောက်ပါ လိမ့်မယ်။ အခုရန်ကုန်တိုင်းမှာ ပြန့်ပွားမှုဟာ အရင်မတ်လ၊ ဧပြီလတုန်းက ပြန့်ပွားမှုနဲ့ စာရင် အများကြီးပိုပြီးတော့ မြန်တယ်ဆိုတာ ပြည်သူတွေသိပြီးသား ဖြစ်ပါလိမ့်မယ်။ မြန်ရုံတင် မကဘူး။ အခုနောက်ပိုင်းမှာဆိုရင် ကွယ်လွန်အနိစ္စရောက်တဲ့ သူတွေလည်း အရင်နဲ့စာရင် မြန်လာတယ်လို့ပြောရပါလိမ့်မယ်။ အရင်တုန်းက ခြောက်ယောက်ပေါ့။အခု ရှစ်ယောက်ဆိုတော့ ၁၄ ယောက်ရှိသွားပါပြီ။ နောက်ဖြစ်တဲ့ ရှစ်ယောက်ထဲမှာဆိုရင် နှစ်ယောက်က အသက်လည်းမကြီးသေးပါဘူး။ အရွယ်ကောင်းတွေလို့ပြောလို့ရတယ်။ တခြားဘာရောဂါအခံမှလည်း မရှိပါဘူး။ အဲဒါကြောင့် ကိုဗစ်ကြောင့်ပဲ အသက် ဆုံးရှုံးသွားရတယ်လို့ ကျွန်မတို့ ဒီလိုပဲယူဆရပါတယ်။ ဒါကြောင့် ကိုဗစ်ကဖြစ်တာဖြစ်ပါစေ။ အသက်မှမထိခိုက်တာလို့ ဒီလိုပေါ့ပေါ့နဲ့ မစဉ်းစားပါနဲ့။ ရောဂါအခံရှိတဲ့သူတွေအတွက်တော့ အထူးအန္တရာယ် ရှိတယ်ဆိုတာတော့ ကျွန်မသေချာပြောချင်ပါတယ်။ အခုဆုံးပါးသွားတဲ့ သူတွေထဲမှာ ဆိုရင် ဆီးချိုနဲ့သွေးတိုးအခံရှိတဲ့ ပြည်သူများ တော်တော်များပါတယ်။ ဆီးချိုနဲ့ သွေးတိုးအခံရှိပြီဆိုရင် ကိုဗစ်ရဲ့အန္တရာယ်ကို မတွန်းလှန်နိုင်သလောက်ကို ဖြစ်သွားပါတယ်။ ဒါကြောင့် သတိထားကြပါ။ ကျန်းမာရေးအခြေခံမကောင်းတဲ့သူတွေ အထူးသတိ ထားကြပါ။  ကျန်တဲ့သူတွေလည်းသတိ ထားဖို့လိုပါတယ်။ နောက်ပြီးတော့လည်း အခုနောက်ပိုင်းဖြစ်တဲ့ သူတွေထဲမှာဆိုရင် ဆယ်ကျော်သက်အရွယ်တွေပါလာတာလည်း ကျွန်မသတိထားမိပါတယ်။ ၁၆ နှစ်၊ ၁၅ နှစ်၊ ၁၈ နှစ်ပေါ့။ အရွယ်ကောင်းလေးတွေပေါ့။

အဲဒါကြောင့် အခုကိုဗစ်က အသက်အပိုင်းအခြားလည်းမရှိဘူး။ ရောဂါအခံ ရှိတာ၊ မရှိတာ ကိုလည်း ခွဲခြားပြီးတော့ မြင်လို့မရတော့ဘူးဆိုတာ ကျွန်မတို့နှလုံးသွင်းဖို့တော့ အင်မတန်မှ အရေးကြီးပါတယ်။ ရန်ကုန်နဲ့ပတ်သက်ရင် အဓိကကတော့ အသွားအလာကန့်သတ်ဖို့ပါပဲ။ လူစုလူဝေး တွေမဖြစ်ဖို့ပါပဲ။ အားလုံးကနေပြီးတော့ ခပ်ခွာခွာနေမယ်။ ကျွန်မတို့ သတ်မှတ်ထားတဲ့ အင်မတန်မှလွယ်ကူပြီးတော့ ရှင်းလင်းတဲ့စည်းမျဉ်းစည်းကမ်းတွေဖြစ်တဲ့ အပြင်သွားရင် နှာခေါင်းစည်းတပ်ပါ။ လက်အိတ်ဝတ်ရမယ့် နေရာတွေမှာ လက်အိတ်ဝတ်ပါ။ အနည်းဆုံး ၆ ပေကွာပြီးတော့နေပါဆိုပြီးတော့ အဲဒီလိုသတ်မှတ်ချက်တွေကို လိုက်နာမယ် ဆိုရင် လူတိုင်းလူတိုင်း၊ တစ်ယောက်ချင်းတစ်ယောက်ချင်းစီက လိုက်နာမယ်ဆိုရင်   ကျွန်မ တို့ ဒီရောဂါကို မြန်မြန်ထိန်းချုပ်သွားနိုင်မှာပါ။ နောက်တစ်ခုကလည်း ကျွန်မတို့ကနေ ပြီးတော့ လူစုလူဝေးမဖြစ်အောင်ဆိုပြီး စည်းမျဉ်းစည်းကမ်းတွေသတ်မှတ်တဲ့နေရာမှာ ပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းကို ထိခိုက်တယ်ဆိုတာကျွန်မတို့သတိပြုမိပါတယ်။ ဒါကြောင့်လည်း အစိုးရအနေနဲ့ တတ်နိုင်သမျှ ဒီလိုထိခိုက်တဲ့ပြည်သူတွေကို ပံ့ပိုးနိုင်အောင် လည်း စီစဉ်ပါတယ်။ လုပ်လည်းလုပ်ပါတယ်။ ဆက်ပြီးတော့လည်း လိုအပ်သလိုလုပ်သွား ပါမယ်။ ဒီလို ကိုဗစ်ကြောင့်၊ ကန့်သတ်ချက်တွေကြောင့် ကိုယ့်ရဲ့နိစ္စဓူဝ အလုပ်တွေမှာ လုပ်ရတာ ခက်ခဲလာတယ်ဆိုတာတော့ သည်းခံရမယ့်ကိစ္စတစ်ခုပါ။ ကျွန်မတို့ စည်းမျဉ်း စည်းကမ်းတွေကို ကြပ်ကြပ်မတ်မတ်လိုက်နာလေလေ ဒီစည်းမျဉ်းစည်းကမ်းတွေကို မြန်မြန် ဆန်ဆန် ဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။ ရန်ကုန်မှာဆိုရင် ကျွန်မတို့မြို့နယ်အချို့ကို အထူး သတိထားပြီး အိမ်အပြင်မထွက်ဖို့ သတ်မှတ်ထားပါတယ်။ ကျွန်မကနာမည်နဲ့ ပြောရမယ် ဆိုရင် သင်္ဃန်းကျွန်းမြို့နယ်ကို ပြောဖို့လိုပါလိမ့်မယ်။ ဘာဖြစ်လို့ လဲဆိုတော့ သင်္ဃန်းကျွန်း မြို့နယ်မှာဆိုရင် ကိုဗစ်ရောဂါစွဲကပ်နေတဲ့ ပြည်သူတွေများလို့ပါ။ အဲဒီလိုဖြစ်ရတဲ့ အကြောင်း ကလည်း ကာရာအိုကေနဲ့ ဆိုင်တယ်လို့ ကျွန်မတို့နားလည်ပါတယ်။ သင်္ဃန်းကျွန်းမြို့နယ် ကာရာအိုကေဆိုင်တွေမှာ ကာရာအိုကေ ဆိုရာကနေပြီးတော့ ပြန့်သွားတဲ့ကိစ္စပါ။ ဒီလို ဘာဖြစ်လို့ ပြန့်သွားလဲဆိုတော့ နံပါတ်(၁)က လူစုလူဝေးပေါ့။ ကာရာအိုကေဆိုင်တွေမှာ ဆိုရင် လူတွေများတယ်။ တစ်ယောက်နဲ့တစ်ယောက် ၆ ပေကွာပြီးတော့နေတယ် ဆိုတာ မရှိဘူး။ နောက်ပြီးတော့ သီချင်းဆိုတဲ့အခါမှာဆိုရင် ဒါဟာ ပိုးမွှားတွေကို ပြန့်အောင်လို့ လုပ်နိုင်တဲ့ အထိရောက်ဆုံးနည်းပဲလို့တောင်ပြောရမလား မသိပါဘူး။ အားလုံးသီချင်းဆိုကြ တယ်။ နောက်ပြီး Microphone တွေကို တစ်ယောက်ပြီး တစ်ယောက်သုံးကြတယ်။ အဲဒီက နေပြီးတော့ ကူးစက်တာတွေဖြစ်ပါတယ်။ ဒါကြောင့်ကျွန်မတို့က အခုဒီလိုဆိုင်တွေ အားလုံးကို ပိတ်လိုက်ပါတယ်။ ပိတ်လိုက်တဲ့အခါမှာ ကျွန်မတို့က တစ်ဖက်သတ်ကြည့်တာ မဟုတ်ပါဘူး။ တစ်ဖက်က ဒီလိုဆိုင်တွေကိုပိတ်တဲ့အခါ ဒီဆိုင်တွေကို အသက်မွေးဝမ်း ကျောင်းအတွက် မှီဝဲနေရတဲ့ပြည်သူတွေရှိတယ်ဆိုတာ  ကျွန်မတို့သဘောပေါက်ပါတယ်။ ဒါပေမဲ့လည်း ဒီပြည်သူတွေဟာ ရေတိုမှာဝင်ငွေ မရပ်သွားဘူးဆိုပေမယ့် ရေရှည်တောင် မဟုတ်ပါဘူး။ မကြာမီကာလအတွင်းမှာပဲ ရောဂါကူးစက်ပြီးတော့ ဆက်ပြီးတော့လည်း အလုပ်မလုပ်နိုင်တဲ့အခြေအနေ၊ ကိုယ့်ကြောင့်လည်း တခြားသူတွေ၊ ကိုယ့်ရဲ့မိသားစု အပါအဝင် ရောဂါကူးစက်သွားနိုင်တဲ့အခြေအနေတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျွန်မတို့က အခုဆိုရင် ကြပ်ကြပ်မတ်မတ်စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ထားတာပါ။နောက်ပြီးတော့ ခရီးသွားလာတာနဲ့ပတ်သက်လို့ ပထမဦးဆုံး ရခိုင်မှာရောဂါပြန့်ပွားနေပြီ၊ စစ်တွေမှာ တော်တော်များများတွေ့ပြီဆိုတာ သိတဲ့အခါမှာ ရခိုင်ဘက်ကနေပြီးတော့ တခြားတိုင်း ဒေသကြီးနဲ့ပြည်နယ်တွေကို ခရီးမထွက်ဖို့ဆိုပြီး ပိတ်ပင်လိုက်ပါတယ်။ ပိတ်ပင်လိုက်တဲ့အခါ ရခိုင်ပြည်နယ်က ကျွန်မတို့ပြည်သူတွေက ထွက်ချင်ကြတယ်။ ကျွန်မတို့က ထွက်ခွင့် မပေးဘူး။ အဲဒီတုန်းကကျွန်မရှင်းပြပါတယ်။

ကျွန်မတို့ရဲ့  ရခိုင်ကပြည်သူတွေကို အငြိုး အတေးနဲ့လည်း မဟုတ်ပါဘူး။ ဒီလိုပြန့် သွားရင် အားလုံးအတွက် အန္တရာယ်ရှိတဲ့အပြင် တစ်တိုင်းပြည်လုံးမှာ ပြဿနာဖြစ်နေရင် ရခိုင် ပြည်နယ်အတွက်လည်း ဦးစားပေးပြီး သတ်သတ်မှတ်မှတ်လုပ်ပေးဖို့ ပိုပြီးတော့ခက်ပါ လိမ့်မယ်။ ဒါကြောင့် ကျွန်မတို့က တကယ်ရောဂါပြန့်ပွားမှုများနေတဲ့နေရာတွေကို ဦးစားပေး ပြီးတော့ သေသေချာချာလုပ်ပေးနိုင်အောင် ဒီလိုကန့်သတ်ရတာပါ။ အခုလည်း ရန်ကုန်တိုင်း မှာဆိုရင် ဒီလိုပါပဲ။ ရန်ကုန်တိုင်းအတွင်းမှာဆိုရင် တစ်တိုင်းပြည်လုံးမှာ ရောဂါပြန့်ပွားမှု အခြေအနေက အမြန်ဆုံးပဲဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်မတို့ အကန့်အသတ်တွေလုပ် တာပါ။ ရန်ကုန်တိုင်းပြင်ပကိုလည်း မလိုအပ်ဘဲနဲ့ မသွားပါနဲ့။ သွားရင်လည်း တခြား တိုင်းတွေ၊ ပြည်နယ်တွေက စည်းမျဉ်းစည်း ကမ်းအရ စစ်ဆေးတာတို့၊ Quarantine လုပ်တာ တို့ သတ်မှတ်ပါလိမ့်မယ်။ အဲဒီအခါ အဲဒီအတိုင်းပဲ လိုက်နာရမှာဖြစ်ပါတယ်။ဒီအချိန်မှာတော့ ငြိမ်ငြိမ်လေးနဲ့ ကိုယ့်အိမ်မှာ ကိုယ်နေနိုင်သမျှနေတာ အကောင်း ဆုံးပါပဲ။ ကိုယ့်အိမ်မှာ ကိုယ်နေနိုင်သမျှ နေမယ်ဆိုတော့ ဈေးဝယ်သွားဖို့ကိစ္စကို တချို့က မေးပါလိမ့်မယ်။ ဈေးဝယ် သွားဖို့ဆိုတဲ့ကိစ္စကတော့ မဖြစ်မနေလုပ်ရမယ့်ကိစ္စဖြစ် ပါတယ်။ ဒါဟာကျွန်မတို့ပြည်သူတွေ က နိစ္စဓူဝစားရေးသောက်ရေးအတွက် ဈေးသွား ဖို့လိုတယ်ဆိုတာ ကျွန်မနားလည်ပါတယ်။ ဒါပေမဲ့ ဈေးတွေမှာ အရင်သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပိုပြီးတော့ တင်းတင်းကျပ်ကျပ်လိုက်နာဖို့ကို ကျွန်မတို့ ဆောင်ရွက်ပါမယ်။ မလိုက်နာတဲ့သူတွေကို ကျွန်မတို့ ဥပဒေအရ အရေးယူရပါလိမ့် မယ်။ ဥပဒေဆိုတာ ကျွန်မခဏခဏပြောပါ တယ်။ ပြည်သူကို ဒဏ်ပေးဖို့မဟုတ်ဘူး။ တကယ်တော့ ကျွန်မတို့ရဲ့ လူ့အသိုင်းအဝိုင်းရဲ့ တည်ငြိမ်မှု၊ အေးဆေးမှုကို ကာကွယ်ဖို့ဖြစ်ပါတယ်။ ဒီလိုရောဂါအားလုံးပြန့်ပွား သွားမယ်ဆိုရင် ကျွန်မတို့ လူ့အသိုင်းအဝိုင်းဟာ အများကြီးထိခိုက်လာတဲ့အခါကျ တည်ငြိမ်မှုလည်းရှိမှာမဟုတ်ပါဘူး။ အေးငြိမ်းမှု လည်းရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်မတို့ကနေပြီးတော့ စည်းမျဉ်းစည်းကမ်း မလိုက်နာရင် သဘာဝဘေးအန္တရာယ်ဥပဒေအရ အရေးယူမယ်လို့ပြောတာက သဘာ၀ ဘေးအန္တရာယ်ဥပဒေဟာ ကူးစက်ရောဂါ ဥပဒေထက် ပိုပြီးတော့ပြင်းထန်ပါတယ်။ ဒီလိုပဲ ပြင်းပြင်းထန်ထန်လုပ်နိုင်မှ ကျွန်မတို့ဟာ ထိထိရောက်ရောက် ကိုဗစ်ရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်မှာပါ။ ကျွန်မတို့ ဘာတွေရည်ရွယ်တယ်၊ ဘာတွေလုပ်စေချင် တယ်ဆိုတာကို တစ်ချိန်လုံးညွှန်ကြားချက်တွေ ထုတ်နေပါတယ်။ ဒီညွှန်ကြားချက်တွေကို ပြည်သူလူထုက သေချာလေ့လာစေချင်ပါတယ်။ ကျွန်မအနေနဲ့ ဒီအချိန်မှာ အားလုံးကိုဖတ်ပြမှာမဟုတ်ပါဘူး။ ဒါတွေဟာ ကျွန်မတို့ ရုပ်မြင်သံကြားမှာလည်း မကြာခဏတင်ပါမယ်။ နောက်ပြီး သတင်းစာ တွေထဲမှာလည်း ထည့်ပါမယ်။ အဲဒါတွေကို ပြည်သူတွေလေ့လာစေချင်ပါတယ်။  ဒီညွှန်ကြား ချက်တွေကိုလည်း လိုက်နာစေချင်ပါတယ်။

အခုအချိန်မှာ နေပြည်တော်က နိုင်ငံရဲ့ အစိုးရရုံးစိုက်ရာနေရာဆိုပေမယ့် ရန်ကုန် ဆိုတာဟာ ကျွန်မတို့ပြည်သူတွေတော်တော် များများရဲ့ နှလုံးသားထဲမှာ နှလုံးသားမြို့ တော်ကြီးပါပဲ။ ဒါကြောင့် ဒီလိုမြို့တော်ကြီး ကနေပြီးတော့ တကယ့်ကိုကောင်းတဲ့နမူနာစံအနေနဲ့ရပ်တည်ဖို့ အင်မတန်မှအရေးကြီး ပါတယ်။ ရခိုင်ပြည်နယ်မှာဆိုရင်တောင်မှ ကျွန်မတို့ ထိန်းချုပ်နိုင်ပြီ။ ထိန်းချုပ်နိုင် တဲ့အဆင့်ကို ရောက်လာပြီ။ ထိန်းချုပ်လို့ ပြီးစီးသွားပြီလို့ပြောတာမဟုတ်ပါဘူး။ အဲဒီတော့ ကျွန်မတို့ရဲ့ ရန်ကုန်တိုင်းမှာ ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ကျွန်မတို့ပြည်သူတွေရဲ့ နှလုံးသားထဲက မြို့တော်ကြီးက ဘာဖြစ်လို့ ဒီကိစ္စကို အောင်အောင်မြင်မြင်မဆောင် ရွက်နိုင်ရမှာလဲ။ အဲဒါကို ကြိုးစားကြပါ။ အားလုံးကနေပြီးတော့ စည်းမျဉ်းစည်းကမ်း တွေကို လိုက်နာကြပါ။ စည်းမျဉ်းစည်းကမ်း တွေကလည်း စောစောက ကျွန်မပြောတဲ့ အတိုင်းပဲ ခက်ခက်ခဲခဲ  မဟုတ်ပါဘူး။ အင်မတန်ရိုးရှင်းပါတယ်။ ဘာကြောင့် ဒီလိုစည်းမျဉ်းစည်းကမ်း တွေကို သတ်မှတ်တယ်ဆိုတာ ပြည်သူတွေနားလည်ဖို့လည်း ခက်ခဲတာမဟုတ်ပါဘူး။ ဒါကြောင့် စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာပါ။ သိပ်ပြီးတော့ စိုးရိမ်မလွန်ပါနဲ့။  ဒါပေမဲ့  သတိဆိုတာတော့ လွန်ကဲတယ်မရှိပါဘူး။ သတိတော့ အမြဲပဲချပ်ပါ။ ကျွန်မတို့ အတတ် နိုင်ဆုံး၊ အမြန်ဆုံး တင်းကျပ်တဲ့အခြေအနေက ပိုပြီးတော့ ဖြေလျှော့နိုင်အောင် ကြိုးစား သွားပါမယ်။ ဒါပေမဲ့ ကြိုးစားတဲ့နေရာမှာ ကျွန်မ ခဏခဏပြောတဲ့အတိုင်း ပြည်သူ သာလျှင် အဓိကပါ။ ပြည်သူတွေပါဝင်မှ ကျွန်မတို့ရဲ့ ကြိုးစားမှုတွေက အောင်မြင် နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်သူ၊ ရန်ကုန်သားတွေ ကိုယ့်အစွမ်းကိုပြကြပါ။ ကိုဗစ်ကို ဘယ်လောက် မြန်မြန်၊ ဘယ်လောက် ထိထိရောက်ရောက်ထိန်းချုပ်နိုင် မလဲဆိုတာ ကျွန်မတို့နိုင်ငံ တစ်နိုင်ငံလုံးတင် သာမက  တစ်ကမ္ဘာလုံးကနေသိနိုင်အောင်လို့ အစွမ်းပြကြပါလို့ မေတ္တာရပ် ခံရင်းနဲ့ နိဂုံးချုပ်ပါတယ်။ အားလုံးကျန်းမာချမ်းသာ ကြပါစေ။