သာသနာတော်ထွန်းကားပြန့်ပွားရေး

သာသနာတော်ထွန်းကားပြန့်ပွားရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်မှ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောက်စဖို့ဒ်ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြောင်း မင်္ဂလာသတင်းကောင်းကို အောက်တိုဘာ ၁ ရက်နေ့ ည ၈ နာရီ ရုပ်မြင်သံကြားသတင်းတွင် တွေ့မြင်လိုက်ရသည်။ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်တည်ရှိရာနေရာမှာ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ပန်းတင်ကျေးရွာအုပ်စု ဘုရားဖြူ ရပ်ကွက်တွင် တည်ရှိသည်။

နိုင်ငံတော်အကြီးအကဲက ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထားပူဇော်မည့် ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်း တောက်ပလျက်ရှိသည်ကို ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်းသာယာမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်းပြည်ပဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုဖြစ်စေရန်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူဖြစ်စေရန် စသည့်ရည်ရွယ်ချက်ဖြင့် တည်ထားကိုးကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ထေရဝါဒဗုဒ္ဓသာသနာတော်ထွန်းကားပြန့်ပွားရေး ကမ္ဘာ့နိုင်ငံများမှ လွယ်ကူစွာလေ့လာနိုင်ရေး ဆောင်ရွက် နိုင်မည့်အခြေအနေများလျှောက်ထားတင်ပြရာ ဆရာတော်ကလိုအပ်သည်များပြန်လည်လမ်းညွှန်မှာကြားကြောင်းတွေ့မြင်ရသည်။

ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် ကို ဦးဆောင်တည်ထောင်သူ ဆရာတော်ဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိ ကို၁၉၆၄ ခုနှစ်တွင် ရှမ်းပြည်နယ်  လဲချားမြို့ နောင်ပန်ကျေးရွာတွင် မွေးဖွားခဲ့ပြီး သက်တော် ၆ နှစ်၌ လဲချားမြို့ သီရိမင်္ဂလာအုဋ်ကျောင်းဆရာတော်ထံတွင် ရှင်သာမဏေအဖြစ်သို့ရောက်ရှိသည်။ သက်တော် ၁၉ နှစ်တွင် ရဟန်းအဖြစ်သို့ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဆိုင်ရာ တက္ကသိုလ်များ၊ နိုင်ငံတကာဗုဒ္ဓဘာသာဆိုင်ရာ တက္ကသိုလ်များတွင် ထူးချွန်ဆုများအသီးသီးရရှိခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် Oriental Institute, University of Oxford မှ ပါရဂူဘွဲ့ရရှိခဲ့သည်။ ထို့နောက် ကမ္ဘာ့နိုင်ငံအသီးသီးသို့ အလျဉ်းသင့်သလို ကြွရောက်၍ နိုင်ငံတကာ တက္ကသိုလ်များ၊ ကောလိပ်များတွင် သာသနာပြုတာဝန်များကို ထမ်းဆောင်တော်မူခဲ့ သည်။

ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် (Shan State Buddish University) ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် တည်ထောင် ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း  ဗုဒ္ဓဘာသာပညာရေးကဏ္ဍကို  ကမ္ဘာ့တက္ကသိုလ်များကဲ့သို့ ဗုဒ္ဓဘာသာအတွေးအခေါ်များ၊ တရား ဓမ္မများကို နိုင်ငံတကာ အဆင့်မီသုတေသနပြု လေ့လာသင်ကြားပို့ချနိုင်သည့် တက္ကသိုလ်ကြီးအဖြစ်ဖြစ်ထွန်းလာစေရေး အားသွန် ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ ဆရာတော်အနေဖြင့် ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေးဆိုင်ရာ စာပေများကို အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာ၊ ရှမ်းဘာသာတို့ဖြင့် ရေးသားပြုစုထုတ်ဝေခြင်း၊ ဘာသာပြန်ဆိုခြင်းများ လုပ်ဆောင်ကာ ဘာသာ သာသနာတော်အကျိုးကို ကြိုးပမ်းအားထုတ် ဖော်ဆောင်တော်မူလျက်ရှိကြောင်း သတင်းတွင်ကြား မြင်လိုက်ရသည်။ သာသနာ နွယ်ဝင်သူတော်စင်တို့စိတ်တွင် သာဓုခေါ်ဆိုမဆုံးကြည်နူး ပီတိဖြစ်မိကြမည်မှာ အမှန်ဖြစ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့်အဖွဲ့ဝင်များသည် ဗုဒ္ဓတက္ကသိုလ်ရှိ ပိဋကတ်စာကြည့်တိုက် ရှေ့တွင် ထိုင်ဝမ် ဗာဒံပင်အားအမှတ်တရစုပေါင်းစိုက်ပျိုးကြသည်။ သံဃာတော်များက မေတ္တာပို့တရားတော်များကို ရွတ်ဖတ် သရဇ္ဈာယ် ပေးကြသည်။ ဗုဒ္ဓတက္ကသိုလ်စာကြည့်တိုက်တွင် အင်္ဂလိပ်၊ ကိုရီးယား၊ သီရိလင်္ကာအပါအဝင် ဘာသာစာပေ ၁၂ မျိုးဖြင့် ပြန်ဆိုထားသည့် ပိဋကတ်သုံးပုံ တရားတော် စာအုပ်စာပေများ ထားရှိကြောင်း၊ စာကြည့်တိုက်ကို နိုင်ငံတကာ အဆင့်မီ နည်းပညာသုံး ပိဋကတ်စာကြည့်တိုက်ဖြစ်လာစေရန် စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဤသတင်းမှာတိုင်းပြည်အေးချမ်းသာယာမှုရှိစေရန် ဆောင်ရွက်နေစဉ်တွင် မြန်မာတို့အတွက် သတင်းကောင်းဖြစ်သည်။ ဗုဒ္ဓမြတ်စွာ သည် ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ ဟူသော သာသနာတော်သုံးရပ်ကို လိုက်နာဆောင်ရွက်ခြင်း၊ ထိန်းသိမ်းခြင်း၊ ပြန့်ပွားထွန်းကား အောင်ဖြန့်ဝေခြင်း တာဝန်များကို ထမ်းဆောင်ရန်အလို့ငှာ သံဃာရတနာကို ခွင့်ပြုခဲ့ပါသည်။ သံဃာတော်များ ဂန္ထဓုရ၊ ဝိပဿနာ ဓုရဟူသော ပင်မတာဝန်ကြီးနှစ်ရပ်ကို အချိန်ပြည့်ထမ်းဆောင်တော်မူနိုင်ကြစေရန် ဒါယကာ၊ ဒါယိကာမတို့ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးဟူသော ပစ္စည်းလေးပါးတို့ဖြင့် သဒ္ဓါကြည်ဖြူပေးလှူလျက်ရှိသည့်အတွက် ဗုဒ္ဓသာသနာတော်ကြီးမှာ ညစ်ကြေးမထင် စင်ကြယ်စွာ ၂၅၆၅ ခုနှစ်တိုင်တိုင် အရှည်ခံ့၍ တည်တံ့နေခြင်းဖြစ်ပေသည်။ ဆရာဒကာနှစ်ပေါင်းရှည်ကြာညီညွတ်စွာရှိနေသရွေ့ သာသနာတော်သည် ထွန်းကားပြန့်ပွားနေမည်ဖြစ်ရာ သာသနာတော်ထွန်းကားပြန့်ပွားရေးကို မဆုတ်မနစ်သောဇွဲလုံ့လဝီရိယတို့ဖြင့် ကြိုးစားကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။