တစ်နှစ်လုပ်ခလစာ စတာလင်ပေါင် ၄၃ သန်းအပြင် အပိုဆုကြေးများ ပေးနိုင်မှသာ ဟာလန်းကို ခေါ်ယူရန် လက်ခံမည်ဟု အေးဂျင့်ရိုင်အိုလာပြော

တစ်နှစ်လုပ်ခလစာ စတာလင်ပေါင် ၄၃ သန်းအပြင် အပိုဆုကြေးများ ပေးနိုင်မှသာ ဟာလန်းကို ခေါ်ယူရန် လက်ခံမည်ဟု အေးဂျင့်ရိုင်အိုလာပြော

ဒေါ့မွန်အသင်း ကြယ်ပွင့်ကစားသမား ဟာလန်း၏ အေးဂျင့်ရိုင်အိုလာက  ဟာလန်းကို ခေါ်ယူလိုပါက  တစ်နှစ်လုပ်ခလစာ  စတာလင်ပေါင်  ၄၃ သန်းအပြင်  အပိုဆုကြေးများ ပေးနိုင်မှသာ လက်ခံမည်ဟု သတိပေး ပြောကြားခဲ့သည်။

လက်ရှိတွင်  ဟာလန်းသည်  ဒေါ့မွန်အသင်းနှင့် ၂ဝ၂၄ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသော်လည်း ၂ဝ၂ဝ ပြည့်နှစ်က ဆဲလ်ဘတ်အသင်းမှ ပြောင်းရွှေ့လာစဉ် ချုပ်ဆိုထားသည့် စာချုပ်ပါ အချက်အလက်များအရ ၂ဝ၂၂ ခုနှစ် ဇန်နဝါရီ ကစားသမားအပြောင်းအရွှေ့ ကာလတွင် ပြောင်းရွှေ့ကြေး ယူရို၆၅  သန်းဖြင့် ခေါ်ယူနိုင်မည့် အချက်ပါရှိနေသည့်အတွက် ဥရောပထိပ်တန်း အသင်းကြီးအများစုက အပြိုင်ကမ်းလှမ်းမှုများပြုလုပ်ရန်  ပြင်ဆင်နေခြင်းဖြစ်သည်။

ဟာလန်းကို ဥရောပထိပ်တန်း အသင်းကြီးများဖြစ်သည့် ပီအက်စ်ဂျီ၊ ရီးယဲလ်မက်ဒရစ်၊ မန်စီးတီး၊ ချယ်လ်ဆီး၊ ဘိုင်ယန်မြူးနစ်နှင့် မန်ယူအသင်းတို့က အပြိုင်ခေါ်ယူလိုခြင်း ဖြစ်သော်လည်း ပီအက်စ်ဂျီအသင်းက အမ်ဘတ်ပီ၏နေရာ၌ အစားထိုးရန်အတွက် ငွေကြေးမြောက်မြားစွာ အသုံးပြုပြီး ခေါ်ယူရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

အေးဂျင့်ရိုင်အိုလာက ''ဒီအချိန်မှာ ဟာလန်းကို ခေါ်ယူဖို့ချိတ်ဆက်နေတဲ့ ထိပ်တန်းအသင်းကြီးတွေ အများကြီး ရှိနေပါတယ်။ သူ့အနေနဲ့ ဘယ်အသင်းကို ပြောင်းရွှေ့ ကစားမယ်ဆိုတာ ကျွန်တော်ကြိုပြီးမပြော နိုင်ပေမယ့်   သူ့ကိုခေါ်ယူလိုတဲ့ အသင်းတွေအနေနဲ့ အနည်းဆုံး တစ်နှစ်လုပ်ခလစာ စတာလင်ပေါင် ၄၃ သန်းပေးချေရပါမယ်။ ဒါ့ပြင် အပိုဆုကြေးတွေပေးနိုင် မှပဲ  ကျွန်တော်တို့အနေနဲ့ လက်ခံပါမယ်။   သူ့အနေနဲ့ ဘယ်အသင်းကို ပြောင်းရွှေ့ကစားချင်လဲ ဆိုတာတော့ မသိသေးပါဘူး''ဟု ပြောသည်။                            

Ref;Bild