မန်ယူအသင်း ကွင်းလယ်ကစားသမား ဖာနန်ဒက်စ် ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဂိုးပါဝင် ပတ်သက်မှု အကြိမ်ရေ ၅ဝ ကို ပွဲအနည်းဆုံးဖြင့် စွမ်းဆောင်နိုင်သည့် စတုတ္ထမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်

မန်ယူအသင်း ကွင်းလယ်ကစားသမား ဖာနန်ဒက်စ် ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဂိုးပါဝင် ပတ်သက်မှု အကြိမ်ရေ ၅ဝ ကို ပွဲအနည်းဆုံးဖြင့် စွမ်းဆောင်နိုင်သည့် စတုတ္ထမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်

မန်ယူအသင်း ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်သည် ပရီးမီးယားလိဂ် ပွဲစဉ်(၇)အဖြစ် ကစားခဲ့သည့် မန်ယူအသင်းနှင့်   အဲဗာတန် အသင်းတို့ ပွဲစဉ်၌ ဂိုးဖန်တီးမှု တစ်ကြိမ်ပြုလုပ်နိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဂိုးပါဝင်ပတ်သက်မှု အကြိမ်ရေ ၅ဝ ကို ပွဲအနည်းဆုံးဖြင့် စွမ်းဆောင်နိုင်သည့် စတုတ္ထမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်၌ မန်ယူအသင်းနှင့် အဲဗာတန်အသင်းတို့ တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ကာ ဖာနန်ဒက်စ်က ပွဲချိန် ၄၃ မိနစ်တွင် အသင်းဖော် မာရှယ်ဂိုးသွင်းယူနိုင်ရန် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဂိုးပါဝင်ပတ်သက်မှု အကြိမ်ရေ ၅ဝ ပြည့်မြောက်ခဲ့ခြင်း ဖြစ်သည်။

အသက် ၂၇ နှစ်အရွယ် ဖာနန်ဒက်စ်သည် ၂ဝ၂ဝ ပြည့်နှစ်   ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလက မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ကာ မန်ယူအသင်းနှင့်      ပထမဆုံး ရာသီဝက်တွင်ပင် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီးနောက်    အဓိက ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိခဲ့သူဖြစ်သည်။

အလားတူ အသင်းနှင့် ဒုတိယရာသီအဖြစ် ကစားသည့် ၂ဝ၂ဝ-၂ဝ၂၁ ဘောလုံးရာသီတွင်လည်း ခြေစွမ်းကောင်း ပြသနိုင်ခဲ့သည်။ ထို့ပြင် ပရီးမီးယားလိဂ် ပြိုင်ပွဲ၌ ပွဲစဉ်  ၃၇  ပွဲအထိ ပါဝင်ကစားခွင့် ရရှိခဲ့ကာ အသင်းအတွက်  ၁၈  ဂိုးသွင်းယူနိုင်ခဲ့ပြီး  ဂိုးဖန်တီးမှု  ၁၂  ကြိမ်ပြုလုပ်နိုင်ခဲ့သည့် အပြင်  စုစုပေါင်းဂိုး ပါဝင်ပတ်သက်မှု အကြိမ်ရေ ၃ဝ အထိ ပြုလုပ်နိုင်ခဲ့သည်။

ထို့ပြင်  ပြီးခဲ့သည့်ဘောလုံးရာသီက ကွင်းလယ် ကစားသမား တစ်ဦးဖြစ်သော်လည်း စုစုပေါင်း ၁၈ဂိုး သွင်းယူနိုင်ခဲ့ပြီး အသင်း၌ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သည့် အပြင် ပရီးမီးယား လိဂ်ပြိုင်ပွဲ၌လည်း ၂၃ ဂိုးသွင်းယူပြီး သွင်းဂိုးအများဆုံး ကစားသမားဆုရရှိခဲ့သော စပါးအသင်းမှ ဟယ်ရီကိန်းနှင့် ၂၂ ဂိုးသွင်းယူနိုင်ခဲ့သည့် လီဗာပူးအသင်းမှ ဆာလက်ချ်တို့နောက်   တတိယသွင်းဂိုး အများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သည်။

ဖာနန်ဒက်စ်မတိုင်မီက ပရီးမီးယားလိဂ် ပြိုင်ပွဲသမိုင်း တစ်လျှောက်  ပွဲအနည်းဆုံးဖြင့်  ဂိုးပါဝင်ပတ်သက်မှု အကြိမ်ရေ ၅ဝ ပြည့်မြောက်သည့် ကစားသမားများအဖြစ် မန်ယူအသင်း ကစားသမားဟောင်း အင်ဒီကိုးလ်က  ၄၃ ပွဲဖြင့် လည်းကောင်း၊ နယူးကာဆယ်အသင်းကစားသမားဟောင်း  အလန်ရှီးယားက   ၅၄  ပွဲဖြင့်လည်းကောင်း၊ မန်ယူအသင်း ကစားသမားဟောင်း ကန်တိုနာက ၅၄ ပွဲဖြင့်လည်းကောင်း မှတ်တမ်းဝင်နိုင်ခဲ့သည်။

ဖာနန်ဒက်စ်သည် ယခုဘောလုံးရာသီတွင် ပွဲစဉ်(၇)ကစားပြီးချိန်၌ လေးဂိုးသွင်းယူနိုင်ခဲ့ပြီး  ဂိုးဖန်တီးမှု တစ်ကြိမ်ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

Ref;Opta.com