ပန်းထိမ်အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် ၂ဝဝ ကျပ်တန် ရောင်းချပေးမည်

နေပြည်တော်  သြဂုတ်  ၅

မြန်မာ့ယဉ်ကျေးမှု သုခုမ အနုပညာရပ်များကို မျိုးဆက်သစ် လူငယ်များအကြား ပိုမိုသိရှိအလေးထားစေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက် လုပ်ငန်းမှ သုခုမအနုပညာ ပန်းဆယ်မျိုးတွင် အပါအဝင်ဖြစ်သော ပန်းထိမ် အထိမ်းအမှတ်  အထူးထုတ်စာပို့တံဆိပ်ခေါင်းသစ် (၂ဝဝကျပ်တန်) တစ်မျိုးအား ၂ဝ၂ဝ ပြည့်နှစ် သြဂုတ် ၇ ရက်  မြန်မာသက္ကရာဇ်  ၁၃၈၂  ခုနှစ်  ဒုတိယဝါဆိုလဆုတ် ၄ ရက်(သောကြာနေ့) နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်များတွင် ရောင်းချပေးသွားမည်ဖြစ်သည်။

အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက် ကြီးနှင့် မန္တလေး စာတိုက်ကြီးတို့တွင် သြဂုတ်၇ ရက်တွင်ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ် (Firstday Cover) များပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးမည်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အဖြစ် ထုတ်ဝေသော ရုပ်လုံးကြွ ဒီဇိုင်းကတ်တို့အား တစ်ပါတည်း ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။