ဝါရင့်နည်းပြ ရေနီယာရီကို နှစ်နှစ်စာချုပ်ဖြင့် ဝက်ဖို့ဒ်အသင်း အတည်ပြု ခန့်အပ်ကြောင်း ကြေညာ
ဝက်ဖို့ဒ်အသင်းက လစ်လပ်နေသည့် နည်းပြရာထူးအတွက် လက်စတာအသင်းကို ပရီးမီးယားလိဂ်ဖလား ရယူပေးနိုင်ခဲ့ဖူးသည့် နည်းပြရေနီယာရီကို နှစ်နှစ် စာချုပ်ဖြင့် အတည်ပြု ခန့်အပ်ကြောင်း ကြေညာခဲ့ သည်။
ဝက်ဖို့ဒ်အသင်းသည် ယခုဘောလုံး ရာသီအစပိုင်းတွင် ရလဒ်ပိုင်း မတည်ငြိမ်မှုများကြောင့် နည်းပြ ဇစ်ကိုအား လိဒ်ယူနိုက်တက် အသင်းကို ၁ ဂိုး- ဂိုးမရှိ ဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်အပြီးတွင် ထုတ်ပယ်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် ချယ်လ်ဆီးအသင်း၊ ဖူလ်ဟမ်အသင်းနှင့် လက်စတာအသင်းတို့ကို တာဝန်ယူ ကိုင်တွယ်ခဲ့ဖူးသည့် နည်းပြရေနီယာရီကို ခန့်အပ်ရန် ဆက်သွယ်မှုများပြုလုပ်ခဲ့ပြီး ရက်ပိုင်းအတွင်း သဘောတူညီမှု ရရှိခဲ့ပြီးနောက် ယခုအခါ နည်းပြသစ်အဖြစ် တရားဝင် ကြေညာခဲ့ခြင်းဖြစ်သည်။
နည်းပြရေနီယာရီသည် ပြီးခဲ့သည့် ဘောလုံးရာသီက ဆမ်ဒိုးရီးယားအသင်းကို တာဝန်ယူ ကိုင်တွယ်ခဲ့ပြီး ရာသီကုန်ဆုံးချိန်တွင် လမ်းခွဲခဲ့ပြီးနောက် ကလပ် အသင်း လက်မဲ့ဖြစ်နေသူဖြစ်သည်။
ရေနီယာရီအနေဖြင့် ကလပ်အသင်း လက်မဲ့ဖြစ်နေ ချိန်တွင် တခြားကလပ် အသင်းများက ကမ်းလှမ်းမှုများ ရှိသော်လည်း ငြင်းဆန်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် သို့ တစ်ကျော့ပြန်လည် နည်းပြလိုသည့်အတွက် ဝက်ဖို့ဒ် အသင်း၏ ကမ်းလှမ်းမှုကို ချက်ချင်း လက်ခံခဲ့ခြင်းဖြစ်သည်။
ဝက်ဖို့ဒ်အသင်းသည် နိုင်ငံတကာ ပွဲစဉ်များအပြီးတွင် ပွဲကျပ်များ ဆက်တိုက်ကစားရမည်ဖြစ်ပြီး အောက် တိုဘာ ၁၆ ရက်တွင် လီဗာပူးအသင်းနှင့် ပွဲကျပ်ကစား ပြီးလျှင် အဲဗာတန်အသင်း၊ ဆောက်သမ်တန်အသင်း၊ အာဆင်နယ်အသင်း၊ မန်ယူအသင်းနှင့် လက်စတာ အသင်းတို့နှင့် ပွဲကျပ်များ ဆက်တိုက်ယှဉ်ပြိုင် ကစားရ မည်ဖြစ်ကြောင်း သိရသည်။
Ref;Fotomobo.com