နေပြည်တော် သြဂုတ် ၅
သတ္တမအကြိမ် အစိုးရနှင့် NCA-S EAO အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC)၌ ဆက်လက် ကျင်းပသည်။
အစည်းအဝေးသို့ အစိုးရကိုယ်စားလှယ်များအဖြစ် အမျိုးသား ပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး (အငြိမ်းစား)၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပြုံးချို (ခ) ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေး ကော်မရှင်အကြံပေး အဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် ဦးမိုးဇော်ဦး၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြပြီး NCA-S EAO ကိုယ်စားလှယ်များ အဖြစ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်း(RCSS/SSA)၊ ညှိနှိုင်းရေးမှူး ဦးမျိုးဝင်း(ABSDF)၊ ညှိနှိုင်းရေး အဖွဲ့ဝင်များဖြစ်ကြသည့် ပဒိုစောတာဒိုမူး(KNU)၊ ဦးလှဌေး(ABSDF)၊ စောမြရာဇာလင်း(ALP)၊ ဒေါက်တာလျန်မှုန်းဆာခေါင်း(CNF)၊ ဆလိုင်းထလာဟေး(CNF) ၊ စောစိန်ဝင်း(DKBA)၊ ပဒိုစောအယ်ကလူးစေး(KNU)၊ စောကျော်ညွန့်(KNLA-PC)၊ ကြာဆော်လမွန်(LDU)၊ နိုင်အောင်မငေး(NMSP)၊ ခွန်မြင့်ထွန်း(PNU)နှင့် ဒေါက်တာစိုင်းဦး(RCSS/SSA)တို့ တက်ရောက်ကြသည်။
ယနေ့အစည်းအဝေးတွင် (၈)ကြိမ်မြောက် JICM အစည်းအဝေး ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေး အတွက် နှစ်ဖက်အဆိုပြုချက်များ၊ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်၊ ၂ဝ၂ဝ ပြည့်နှစ်အလွန် အဆင့်လိုက် ရှေ့ လုပ်ငန်းစဉ်များ၊ အဆင့်လိုက် အကောင်အထည် ဖော်မှုများနှင့် အခြေခံမူသဘော တူညီချက်များ ဆက်လက် ဆွေးနွေးကြသည်။
ယင်းနောက် NCA-S EAO ၏ NCAအကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်းက နှစ်ရက်တာ ကျင်းပခဲ့သည့် အစည်းအဝေးတွင် ပြီးခဲ့သည့် နှစ်ဖက်ညှိနှိုင်း အစည်းအဝေးမှ ချန်ထားခဲ့သည့် အချက်များကို ဆက်လက်ညှိနှိုင်းပြီး သဘောတူညီချက်များ ထပ်မံရရှိခဲ့ခြင်းသည် အားလုံး၏ ကြိုးပမ်းအားထုတ်မှု ပင်ဖြစ်ကြောင်း၊ ယခုဆိုလျှင် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)၏ အပိုင်း(၁)ဖြစ်သည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘော တူညီချက်(၁၄)ချက်အား သဘောတူညီ ခဲ့ကြကြောင်း၊ အပိုင်း(၂)ဖြစ်သည့် ၂ဝ၂ဝပြည့်နှစ်အလွန် အဆင့်လိုက် လုပ်ငန်းစဉ်နှင့် အဆင့်လိုက် အကောင်အထည်ဖော်မှု များပါ အချက်များ အားလုံးကို အပြန်အလှန် ဆွေးနွေးနိုင်ခဲ့ကြောင်း။
အပိုင်း(၃)တွင်ပါရှိသည့် ဖက်ဒရယ် အခြေခံမူတချို့ကို သဘောတူညီနိုင်ခဲ့ကြောင်း၊ သဘောမတူနိုင်သေးသည့် အချက်များကို ဆက်လက်ဆွေးနွေးရန် သယ်ဆောင် သွားမည်ဖြစ်ကြောင်း၊ ယင်းသည် အားလုံးအတွက် သတင်းကောင်းဖြစ်ကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ စတုတ္ထ အစည်းအဝေး ကျင်းပရေး ဆိုင်ရာ ကိစ္စရပ်များ၊ NCA လက်မှတ်မရေးထိုးသေးသည့် ညီနောင် EAO များကို ညီလာခံ တက်ရောက်ရန် ဖိတ်ကြားရေး၊ ညီလာခံနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပရေးနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ဆွေးနွေးညှိနှိုင်း နိုင်
ခဲ့ကြောင်း။
ထို့အတူ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)ပုံစံ(Format)ကို ဆွေးနွေးပြီး ဆက်လက် ဆောင်ရွက်သွားရန် ရေးဆွဲရေး အလုပ်အဖွဲ့ကို တာဝန်ပေးနိုင်ခဲ့ကြောင်း၊ ယခုအစည်းအဝေးမှ ရရှိလာသည့် သဘောတူညီချက်များကို နှစ်ဖက်အလုပ်အဖွဲ့များက သက်ဆိုင်ရာ ခေါင်းဆောင်များထံ တင်ပြပြီး အတည်ပြုချက်ရယူရေး ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ သြဂုတ် ၁ဝ ရက်နှင့် ၁၁ ရက်တို့တွင် ကျင်းပမည့် JICM အစည်းအဝေး ပြင်ဆင်ရေး အစည်းအဝေး တွင် ရလဒ်ကောင်း ရရှိရန် ဆက်လက်ဝိုင်းဝန်း ကြိုးပမ်းပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အစိုးရနှင့် NCA-S EAO အလုပ်အဖွဲ့၏ ယခုသတ္တမအကြိမ် နှစ်ရက်တာ အစည်းအဝေးတွင် နှစ်ဖက်၏ သဘောထားများကို ပွင့်ပွင့်လင်းလင်းနှင့် ဆွေးနွေး တင်ပြနိုင်ခဲ့ကြကြောင်း၊ တချို့အချက်များ အတည်မပြုနိုင်သေးသော်လည်း JICM အစည်းအဝေး မတိုင်မီနှင့် JICM အစည်းအဝေးများတွင် အတည်ပြုနိုင်မည်ဟု ယုံကြည်ကြောင်း၊ ယခုနှစ်ရက်တာ အစည်းအဝေး၌ သဘောတူညီချက် တစ်ချက် ထပ်မံရရှိခဲ့ကြောင်း၊ အလားတူ ဇယား(၂)ကိစ္စ၌ ၂ဝ၂ဝ ပြည့်နှစ် အလွန် အဆင့်လိုက် လုပ်ငန်းစဉ်ကိစ္စနှင့် တချို့ကိစ္စများသည် သဘောတူညီနိုင်ရန် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စဖြစ်ကြောင်း၊ ယင်းကိုလည်း EAO များအနေဖြင့် PPST အစည်းအဝေးတွင် တင်ပြပြီး ဆက်လက်ကြိုးပမ်းပေးပြီး ရလဒ်ကောင်းများ ရရှိအောင် ဆောင်ရွက်ပေးမည်ဟု ပြောကြားသည့်အတွက် များစွာဝမ်းသာမိကြောင်း၊ မိမိတို့အလုပ်အဖွဲ့များ အနေဖြင့် အလုပ်အဖွဲ့အစည်းအဝေးများတွင် စိတ်ရှည် နားလည်မှုများနှင့် ရလဒ်ကောင်းများ ရရှိရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြကြောင်း၊ ယင်းသို့ကြိုးစားပေးခဲ့ကြသည့်အတွက် နှစ်ဖက်အဖွဲ့ဝင်များ အားလုံး ကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း သိရသည်။