(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရန်ကုန်မြို့၌စခန်းသွင်း လေ့ကျင့်နေသော အားကစား အဖွဲ့များကို ကြည့်ရှုအားပေး
ရန်ကုန် အောက်တိုဘာ ၈
အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့နံနက် ၇ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဌေးအောင်နှင့်အတူ အင်းလျားလမ်းရှိ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်သို့ ရောက်ရှိပြီး စားရိပ်သာနှင့် အိပ်ဆောင်များကို လိုက်လံကြည့်ရှုစစ်ဆေး၍ အားကစားသမားများ၏ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် သုဝဏ္ဏလူငယ် အားကစားလေ့ကျင့်ရေး စခန်းသို့ရောက်ရှိကာ အရှေ့တောင်အာရှနှင့် နိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်နေသော မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံး အသင်းနှင့် တွေ့ဆုံ အားပေးစကားပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်တွေ့ဆုံ၍ ရှေ့ဆက်လက် ဆောင်ရွက်လိုသည့် လုပ်ငန်းစဉ်များကို ပြောကြားပြီး နိုင်ငံတကာ အဆင့်မီ တည်ဆောက်နေသည့် ဖူဆယ်အားကစားရုံ ပြီးစီးမှုနှင့် အမျိုးသား အားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏပြန်လည်ပြုပြင် မွမ်းမံမှုပြီးစီးမှုကို လိုက်လံကြည့်ရှုကာ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံ မသန်စွမ်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး အဖွဲ့ချုပ်နှင့် ပတ်သက်၍ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး အမှတ်တရ သစ်ပင်စိုက်ပျိုးပေးသည်။ ဆက်လက်၍ မြန်မာနိုင်ငံ သေနတ်ပစ်အဖွဲ့ချုပ်၌ စခန်းဝင်အားကစားသမားများ၏ လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကျိုက္ကဆံ အားကစားကွင်း အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် အသီးသီးမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများကို တွေ့ဆုံပြီး မြန်မာ့အားကစား တိုးတက် အောင်မြင်ရေးအတွက် အဖွဲ့ချုပ်များနှင့် ပူးပေါင်းဆောင်ရွက်ရေး လိုအပ်ချက်များကို ပံ့ပိုးဆောင်ရွက်နိုင်ရေး ဆွေးနွေးညှိနှိုင်းပြီး အဖွဲ့ချုပ်အသီးသီး၏ တင်ပြချက်များအပေါ် ဖြေရှင်းညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)နှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့မှ ဝန်ထမ်းများကို တွေ့ဆုံ၍ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။