COVID-19 ရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မိုးဗြဲဈေးတွင် ပညာပေးလုပ်ငန်းများ ဆောင်ရွက်သည်။ ထိုသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ မိုးဗြဲဈေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်များကိုလိုက်နာရန် Hand Speaker ဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဈေးအတွင်းဝင်ရောက်သူများအား ကိုယ်အပူချိန်တိုင်းခြင်း၊ လက်ဆေး ဘေစင်များ ထားရှိပြီး လက်ဆေးပြီးမှ ဈေးအတွင်းဝင်စေခြင်း၊ ရောဂါကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းတပ်ဆင်စေခြင်း စသည်ဖြင့် ပညာပေးလုပ်ငန်းများဆောင်ရွက်ကြသည်။
“မိုးဗြဲဈေးမှာ ဈေးရောင်း၊ ဈေးဝယ်ပြည်သူတွေအနေနဲ့ ဈေးထဲဝင်မယ်ဆိုရင် အရင်ဆုံး လက်ဆေးရမယ်။ ကျန်းမာရေးဌာနက ကိုယ်အပူချိန်တိုင်းပြီးတော့မှ ဈေးထဲကိုဝင်လို့ရ ပါမယ်။ တကယ်လို့ နှာခေါင်းစည်းမပါဘူးဆိုရင် စည်ပင်သာယာရေးဌာနက စီစဉ်ထားတဲ့ နှာခေါင်းစည်းကို တပ်ဆင်ပေးပါတယ်”ဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ ဦးစီးမှူးက ပြောသည်။
မိုးဗြဲဈေးတွင် ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောအမိန့်၊ ညွှန်ကြားချက်များ၊ မြို့နယ်မှ ချမှတ်ထားသော စည်းကမ်းချက်များအား လိုက်နာခြင်းမရှိပါက စည်ပင်သာယာရေးဥပဒေအရလည်းကောင်း၊ ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေအရလည်းကောင်း အရေးယူမည်ဖြစ်ကြောင်း မြို့နယ် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီထံမှ သိရသည်။